နေပြည်တော် ၊ မတ် ၃၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်တာ ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုအခါမှာ တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး နိုင်ငံတော်သမ္မတဖြစ်မယ့် အိပ်မက်ကို အကောင်အထည်ဖော် ခြေလှမ်းနေပါတယ်။

မတ် ၃၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကနေ ဒုသမ္မတ နှစ်ဦးစီရဲ့ အမည်စာရင်းတွေကို တင်သွင်းခဲ့ကြသလို တပ်ချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို လွှဲပြောင်းခန့်အပ်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်တာပါ။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားတဲ့အတိုင်း လိုက်နာကျင့်သုံးပြီး တပ်မတော်ကို သမားရိုးကျ စစ်ဆင်နွှဲနိုင်တဲ့ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားရှိတဲ့ တပ်မတော်ဖြစ်အောင် ကြိုးပမ်းမယ်လို့ တပ်ချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ ပြောပါတယ်။

ဒါ့အပြင် အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ နိုင်ငံဖွံဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ တာဝန်ထမ်းဆောင်သွားမှာဖြစ်သလို အစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာမှာလည်း အပြည့်အဝ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။

တပ်ချုပ်ဖြစ်လာတဲ့ အသက် ၆၀ အရွယ် ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးဟာ ဗိုလ်လောင်းသင်တန်း OTS အမှတ်စဉ် ၇၇ သင်တန်းဆင်းဖြစ်ပြီး မတ်လအတွင်းမှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်းချုပ်) အဖြစ် ရာထူးတိုးခံထားရသူ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၁ အာဏာသိမ်းချိန်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်အတွင်း စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန်နဲ့ ဦးဆောင်ခဲ့သူဖြစ်ပြီး စစ်ခေါင်းဆောင်ရဲ့ နားမျက်စိအဖြစ် တင်စားကြပါတယ်။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံရေးမှာ အထွတ်အထိပ်အာဏာကို ရယူနိုင်မှာဖြစ်သလို စစ်တပ်ကိုလည်း တပည့်အရင်းကနေဆင့် ထိန်းချုပ်လာဖို့ ကြိုးစားမယ့် အနေအထား ရှိလာနိုင်တယ်လို့ CDM တပ်အသိုင်းအဝိုင်းက သုံးသပ်နေကြတာပါ။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်သုတေသန တာဝန်ခံ ကို‌နောင်ရိုးက စစ်ခေါင်းဆောင်အနေနဲ့ သမ္မတအဖြစ် တာဝန်ယူပြီးရင်လည်း တပ်ကို အတိုင်းအတာတစ်ခုအထိ ဩဇာလွှမ်းမိုးနိုင်ဖို့ ပြင်ဆင်ထားနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူ သမ္မတအဖြစ် တာဝန်ယူပြီးတဲ့အခါမှာလည်း တပ်ကို ဆက်ပြီး အတိုင်းအတာတစ်ခုအထိ ဩဇာထိန်းညှိထားနိုင်ဖို့ လွှမ်းမိုးနိုင်ဖို့အတွက် ပြင်ဆင်ထားတာမျိုးတွေ ရှိပါလိမ့်မယ်။ ဒါကြောင့်လည်း အခု ကျွန်တော်တို့ကြားသိရတာဆိုရင် ကကန ကောင်စီကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြည်းရဲ့ အသက် သတ်မှတ်ချက်ကိုလည်း ၆၅ နှစ်အထိ ပြင်ဆင်သတ်မှတ်ထားတယ်လို့ သိရှိရတယ်။ တခြားတစ်ဘက်မှာလည်း ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းထားမယ်။ ဒီကောင်စီကနေတဆင့် အစိုးရနဲ့ တပ်မတော်ကြား သူ့ရဲ့ ဩဇာအာဏာကို ပေါင်းကူးထိန်းချုပ်ဖို့ အခင်းအကျင်းတွေလည်း ပြင်ဆင်ကောင်း ပြင်ဆင်လာနိုင်တာပေါ့”လို့ ဆိုပါတယ်။

တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအနေနဲ့ အကူးအပြောင်းကာလမှာတော့ တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ အစိုးရသစ်ကြား ချိတ်ဆက်ဆောင်ရွက်မှုအပိုင်းမှာပဲ လုပ်ဆောင်လာဖို့ ရှိနိုင်ပြီး စစ်ရေးဗျူဟာတွေကိုတော့ ဒုတပ်ချုပ်နဲ့ ညှိနှိုင်းကွပ်ကဲရေးမှူးအသစ်ကိုပဲ ဆက်လက်ဦးစီးလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

ဒုတပ်ချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းဟာ အရင်က တပ်ချုပ်အဖြစ် ရေပန်းစားခဲ့ပြီး စစ်တက္ကသိုလ် အမှတ်စဉ် ၃၅ သင်တန်းဆင်းကာ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကတော့ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ခန့်အပ်ခံရပြီး စစ်တက္ကသိုလ် အမှတ်စဉ် ၃၈ သင်တန်းဆင်းဖြစ်ကာ အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

CDM တပ်အသိုင်းအဝိုင်းကတော့ စစ်ခေါင်းဆောင်ရဲ့ နောက်ကျောကို ဓါးနဲ့ မထိုးနိုင်လောက်မယ့် သူတွေကို နေရာချထားတဲ့ အခင်းအကျင်းမို့ စစ်အုပ်စုဟာ သမ္မတနဲ့ လွှတ်တော် အပါအဝင် အတိုင်ပင်ခံကောင်စီမှာပါ နေရာယူနိုင်မယ့် အခင်းအကျင်းမျိုးဖြစ်အောင် ဖန်တီးလာတာလို့ သုံးသပ်နေကြတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဌာန်းထားပြီး သမ္မတဖြစ်လာမယ့်သူက အဲဒီကောင်စီနဲ့ ကောင်စီဝင်တွေကို ဖွဲ့စည်းသတ်မှတ်ပေးရမှာပါ။

အတိုင်ပင်ခံကောင်စီရဲ့ လုပ်ငန်းတာဝန်ကလည်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအပါအဝင် နိုင်ငံတကာဆက်ဆံရေး ၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဌာန်းရေးတို့ကို အကြံပေးညှိနှိုင်းမှာဖြစ်လို့ အစိုးရနဲ့ လွှတ်တော်ကို ထိန်းချုပ်ကန့်သတ်လာနိုင်တယ်လို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။

လက်ရှိမှာ တပ်ချုပ်တာဝန်ကနေ အနားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ချင်တဲ့ အာသီသရှိလို့ နိုင်ငံ့အာဏာကို သိမ်းယူပြီး ၅ နှစ်အကြာမှာတော့ ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်‌ရေးပါတီကနေ ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရပါတယ်။

သူနဲ့အပြိုင် စစ်တပ်နဲ့ နှစ်ကာလရှည်ကြာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိတဲ့ တစညပါတီလို့ လူသိများတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဆွေကိုလည်း ဒုသမ္မတအဖြစ် အဆိုပြုထားတာပါ။

အမျိုးသားလွှတ်တော်မှာတော့ ကြံ့ခိုင်ရေးပါတီရဲ့ ကရင်ပြည်နယ် ဥက္ကဌ ဒေါ်နန်းနီနီအေးနဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဥက္ကဌလည်းဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ဒုဥက္ကဌဟောင်းဖြစ်ခဲ့တဲ့ ဒေါက်တာ မနမ်တူးဂျာတို့ကို ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းထားကြပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှာတော့ ဘယ်သူကို ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းထားလဲဆိုတာ လောလောဆယ် မသိရသေးပါဘူး။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ထင်ကြေးတွေနဲ့ လေ့လာသူတွေရဲ့အဆိုအရ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဒါမှမဟုတ် စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ် ဦးညိုစောတို့ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြတာပါ။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်ခေါင်းဆောင် ကိုယ်တိုင် သူ့ရဲ့ လူယုံတွေနဲ့ အရပ်ဘက်မှာရော တပ်ဘက်မှာပါ နေရာဖြန့်ထားပြီးဖြစ်တဲ့အတွက် စစ်ရေးရော နိုင်ငံရေးမှာပါ အာဏာဆက်ရှိနေမယ်လို့ သုံးသပ်ပါတယ်။

“စီနီယာသမ္မတရဲ့အနေအထားကို မင်းအောင်လှိုင်ကိုယ်တိုင် သိန်းစိန်ကို ယနေ့အချိန်အထိ မကျော်လွန်နိုင်သေးသလိုပဲ သူ့ရဲ့ လူယုံတွေနဲ့ အရပ်ဘက်မှာရော တပ်ဘက်မှာပါ နေရာဖြန့်ထားပြီးသားဖြစ်တဲ့အတွက် မင်းအောင်လှိုင်အနေနဲ့ကတော့ သူက စစ်ရေးရော နိုင်ငံရေးရော ဒီအာဏာတွေ သူ့ဆီမှာ ရှိနေမှာပဲ။ အခု‌ပြောရမယ်ဆိုရင်တော့ လက်ရှိ တပ်ချုပ်ဟာ ရုပ်သေးတပ်ချုပ်ပေါ့။ တပ်ပိုင်းဆိုင်ရာတွေတော့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ရှိမယ်”လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတင်မြှောက်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့သုံးခုကနေ ဒုသမ္မတလောင်း တစ်ဦးစီကို ရွေးချယ်ကာ ပြည်‌ထောင်စုလွှတ်တော် နာယကထံ အမည်စာရင်း တင်ပြရမှာပါ။

အဲဒီကနေ ပြည်ထောင်စုလွှတ်တော်မှာ လျှိူဝှက်မဲပေးစနစ်နဲ့ မဲအရေအတွက် ရရှိမှုအပေါ် မူတည်ပြီး သမ္မတ ၊ ဒုသမ္မတ ၁ နဲ့ ၂ တို့ကို ရွေးချယ်တင်မြှောက်တာဖြစ်လို့ သမ္မတဖြစ်ဖို့ဆိုရင် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၂၉၄ မဲ ရဖို့ လိုပါတယ်။

လက်ရှိမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဒုသမ္မတ နှစ်ဦးစီ အဆိုပြုထားတဲ့အတွက် အဲဒီလွှတ်တော်အစုအဖွဲ့ကနေ လာမယ့်အစည်းအဝေးမှာ တစ်ဦးစီသာ ဒုသမ္မတလောင်းအဖြစ် မဲခွဲရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကြံ့ခိုင်ရေးပါတီကနေ ဒုသမ္မတတွေအဖြစ် အမည်စာရင်းတင်သွင်းခံရတဲ့ တပ်အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်နန်းနီနီအေးတို့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲခွဲဆုံးဖြတ်မှုကနေ အပြတ်အသတ် အနိုင်ရရှိမယ့် အခြေအနေဖြစ်ပါတယ်။

အများက ထင်ကြေးပေးနေကြသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ သမ္မတဖြစ်လာရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေထဲမှာ တပ်ချုပ်ရာထူးကနေ ပထမဆုံး သမ္မတဖြစ်လာမယ့်သူ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.