မြဝတီ၊ မတ် ၃၁

ကရင်ပြည်နယ် မြဝတီတောင်ပိုင်း ဖလူးနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေအပြင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့တွေရှိတဲ့ နေရာတွေကိုပါ စစ်ကော်မရှင်တပ်က ပစ်မှတ်တိုက်ခိုက်လာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ဖလူးနယ်မြေမှာ မတ်လ ၂၈ ရက်က စစ်ကော်မရှင်တပ် မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဖလူးကြီးကျေးရွာမှာရှိတဲ့ ဒေသခံရွာသူရွာသားတွေရဲ့ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ အသုံးပြုပြီး တိုက်ခိုက်သွားခဲ့တာဖြစ်ကာ တိုက်ခိုက်မှုဖြစ်တဲ့အချိန်အတွင်း ဒေသခံရွာသူရွာသားတွေ မရှိကြတဲ့အတွက် လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လေးကေကော်မြို့အပါအဝင် ဖလူးလေး ဖလူးကြီး ရသေ့ဂူ မင်းလက်ပံ စတဲ့ အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဟာ လပေါင်းများစွာ ကြာမြင့်လာပြီဖြစ်ပြီး အခက်အခဲများစွာနဲ့ ကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။

စစ်ကော်မရှင်တပ်ဟာ မတ်လ ၂၆ ရက်နေ့က ဖလူးလေးကျေးရွာနားရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က ထိန်းချုပ်လုံခြုံရေးယူထားတဲ့ ကျွန်းတော အွန်လိုင်းငွေလိမ်ခြံဝင်း တရုတ်ကျားဖြန့်ဆိုက်ထဲကို ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်သွားခဲ့ရာ တရုတ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။

မတ်လ ၁၃ ရက်နေ့ကလည်း ကျွန်းတော တရုတ်ကျားဖြန့်ဆိုက်ကို စစ်ကော်မရှင်တပ်က ဒရုန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးပြီး အဲဒီတုန်းက DKBA တပ်သားတွေနဲ့ တရုတ်ကျားဖြန့်လုပ်သားတွေ အများအပြား သေဆုံး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

စစ်ကော်မရှင်တပ်နဲ့ DKBA တပ်ဖွဲ့တို့ဟာ မတ်လအစောပိုင်းက ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ရာ စစ်ကော်မရှင်တပ်က စစ်ဖက်ရေးရာလုံခြုံရေးအရာရှိတစ်ဦး သေဆုံးသွားခဲ့သလို DKBA တပ်ဖွဲ့ကလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

မြဝတီမြို့ပေါ်က DKBA တပ်ဖွဲ့အချို့ကို တပ်မ ၂၂ တပ်မမှူးအမိန့်နဲ့ ဝင်ရောက်ဖမ်းဆီးတာတွေရှိခဲ့တဲ့နောက်ပိုင်း စစ်ကော်မရှင်တပ်နဲ့ DKBA တို့အကြား နှစ်ဖက်တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.