နေပြည်တော်၊ မတ် ၃၀
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နားမျက်စိလို့ဆိုကြတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းရယူလိုက်တယ်လို့ စစ်ကော်မရှင်က အတည်ပြုထုတ်ပြန်ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီကနေ့ မတ် ၃၀ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ ဇေယျသီရိဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတာယ်။
ဒီအခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်ချုပ်အဆောင်အယောင်ဓါးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး အလံတို့ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဦးစီးကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးခဲ့တာပါ။
တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားတဲ့“လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးပြီး တိုက်စွမ်းအားနဲ့တိုက်စွမ်းရည်ရှိတဲ့ တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်ချုပ်ရာထူး ရယူပြီးနောက် ပြောဆိုခဲ့တာပါ။
ဒါ့အပြင် တပ်မတော်ကို သမားရိုကျစစ်ဆင်နွှဲနိုင်တဲ့ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော် တစ်ရပ်အဖြစ် ရည်မှန်းထားပြီး ဖွဲ့စည်းတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးရဲဝင်းဦးဟာ ဗိုလ်လောင်းသင်တန်း OTS အမှတ်စဉ် ၇၇ သင်တန်းဆင်းဖြစ်ပြီး ဒီလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်းချုပ်)အဖြစ် ရာထူးတိုးခံထားရပါတယ်။
ဒုတပ်ချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကတော့ စစ်တက္ကသိုလ် အမှတ်စဉ် ၃၅ သင်တန်းဆင်းဖြစ်ပြီး ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ခန့်အပ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကတော့ စစ်တက္ကသိုလ် အမှတ်စဉ် ၃၈ သင်တန်းဆင်းဖြစ်ပြီး အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

