နေပြည်တော်၊မတ် ၃၀
သမ္မတဖြစ်ချင်တဲ့ အာသီသကြောင့် နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ရဲ့ ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒုတိယသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တောင်တွင်းကြီးမဲဆန္ဒနယ်က ဒေါက်တာကျော်ဆွေတို့ နှစ်ဦးကို အမည်စာရင်း တင်သွင်းထားပါတယ်။
အမျိုးသားလွှတ်တော်မှာတော့ ဒုတိယ သမ္မတလောင်းအဖြစ် ကြံ့ခိုင်ရေးပါတီရဲ့ ကရင်ပြည်နယ် အမှတ် ၂ မဲဆန္ဒနယ်က ဒေါ်နန်းနီနီအေးနဲ့ ကချင်ပြည်နယ် အမှတ် ၂ မဲဆန္ဒနယ်က ဒေါက်တာ မနမ်တူးဂျာတို့ အမည်စာရင်း တင်သွင်းခဲ့ကြပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဒုသမ္မတလောင်းတွေအဖြစ် အမည်စာရင်း တင်သွင်းခံရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်နန်းနီနီအေးတို့ဟာ မဲခွဲဆုံးဖြတ်ပါကလည်း အပြတ်အသတ် အနိုင်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။
ဒုတိယသမ္မတလောင်း နှစ်ဦး အမည်စာရင်းထွက်ပေါ်လာပေမယ့် တပ်မတော်က ပေးပို့မယ့် ဒုတိယသမ္မတလောင်း အမည်စာရင်းကတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။
သုံးသပ်သူတွေကတော့ တပ်မတော်က ပေးပို့မယ့် ဒုတိယသမ္မတလောင်းဟာ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဒါမှမဟုတ် လက်ရှိ ဝန်ကြီးချုပ် ညိုစောတို့ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

