ဝါရှင်တန်၊ မတ် ၁၇

အီရန်ကို တိုက်ခိုက်နေတဲ့ စစ်ပွဲ တတိယမြောက် သီတင်းပတ်ထဲ ဝင်ရောက်လာချိန် စစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက်ဟာ ၂၀၀ နီးပါး ရှိလာပြီ ဖြစ်ကြောင်း အမေရိကန် စစ်တပ်က မတ် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။

ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ စစ်သား အများစုဟာ အသေးစား ထိခိုက်ခဲ့ကြတာ ဖြစ်ပြီး တပ်ဖွဲ့ဝင် ၁၈၀ လောက် ပြန်လည် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း အမေရိကန် စစ်တပ်ရဲ့ ဗဟိုကွပ်ကဲရေး ဌာနက ပြောပါတယ်။

ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေထဲက ၁၀ ဦးကတော့ ဒဏ်ရာ ပြင်းထန်တယ်လို့ အဲဒီဌာနက ပြောထားပါတယ်။

ကူဝိတ်၊ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ဂျော်ဒန်၊ ဘာရိန်၊ အီရတ်နဲ့ အစ္စရေးရှိ အမေရိကန် တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ ဗဟိုကွပ်ကဲရေး ဌာနက ထပ်လောင်း ပြောဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ခိုက်ပြီး နောက်ပိုင်း ဒေသတဝှမ်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းတွေကို အီရန်က လက်စားချေ တိုက်ခိုက်မှုတွေကြောင့် အမေရိကန် စစ်သား ၁၃ ဦး သေဆုံးခဲ့ရပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သံတမန် အိမ်တော်တွေ၊ ဟိုတယ်တွေနဲ့ လေဆိပ်တွေလည်း ထိခိုက်ခဲ့ပြီး အာရပ်ပင်လယ်ကွေ့ နိုင်ငံတွေရှိ စွမ်းအင် အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရိုက်တာသတင်းဌာနက အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရရှိတဲ့ အမေရိကန် စစ်သား ၁၅၀ အထိ ရှိပြီ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါက အီရန်ရဲ့ တိုက်ခိုက်မှု အန္တရာယ် ကြီးမားကြောင်း မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း အမေရိကန်က အီရန်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၇၀၀၀ ကျော်ကို တိုက်ခိုက် ထားပါတယ်။

စစ်ပွဲအတွင်း အမေရိကန်ရဲ့ MQ-9 ဒရုန်း တစ်ဒါဇင်လောက် ဖျက်ဆီးခံထားရပြီး ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိ တစ်ဦးက မတ် ၁၆ ရက်မှာ ပြောပါတယ်။

အဲဒီ ဒရုန်းတွေဟာ အမြင့်ပေ ၅၀၀၀၀ အထိ ပျံနိုင်ပြီး ပျံသန်းချိန် ၂၇နာရီအထိ ကြာမြင့်ပါတယ်။

MQ-9 ဒရုန်းတွေဟာ ခေတ်မီဆန်းပြား ကင်မရာတွေ၊ အာရုံခံ ကိရိယာတွေနဲ့ ရေဒါတွေ တပ်ဆင်ထားပြီး ထောက်လှမ်းရေး သတင်းရယူ စုဆောင်းရာမှာ အရေးပါတဲ့ ဒရုန်းတွေ ဖြစ်ပါတယ်။

အဲဒီ ဒရုန်းတွေဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က အမေရိကန် လေတပ်မှာ စတင် တပ်တော်ဝင်ခဲ့တဲ့ ဒရုန်းတွေ ဖြစ်ပြီး ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်တွေလို လက်နက်မျိုးတွေလည်း တပ်ဆင်နိုင်ပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အမေရိကန်တို့က အီရန် ဒရုန်းတွေကို တားဆီးနိုင်ရေး ယူကရိန်းဆီက အကူအညီ တောင်းထားတယ်လို့ ဆိုပါတယ်။

ယူကရိန်းက လောလောဆယ် အစ္စရေးသို့ ဒရုန်းတွေ ပေးပို့ ကူညီနေတယ်လို့ အီရန်က စွပ်စွဲထားပြီး ယူကရိန်းကို တရားဝင် ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာထား ပါတယ်။

ဒီအတောအတွင်း အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဝေဟင်ပိုင်နက်ကို ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ယူအေအီးက ကြေညာထားပါတယ်။

အမေရိကန်နဲ့အတူ အီရန်ကို တိုက်ခိုက်နေတဲ့ အစ္စရေးကတော့ သီတင်းသုံးပတ်အထိ တိုက်ခိုက်ပြီး အီရန်ကို တတ်နိုင်သမျှ အားနည်းသွားအောင် လုပ်မယ်လို့ ကြုံဝါးထားပါတယ်။

အီရန်မှာ မိမိတို့ တိုက်ခိုက် ချေမှုန်းစရာ ပစ်မှတ်တွေ အများကြီး ရှိနေသေးတယ်လို့ အစ္စရေးက ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.