နာခွန် ရတ်ချာဆီမာ၊ မတ် ၁၇
လောင်စာဆီ ပြတ်လပ်မှုကြောင့် အလန့်တကြား ဖြစ်နေတဲ့ ခွန်ဘူရီဒေသရှိ ဆေးရုံမှာ အရေးကြီးတဲ့ ဆေးဝါး ကုသမှုတွေအတွက် လျှပ်စစ်ဓာတ်အား မပြတ်စေရေး အရန်မီးစက်တွေအတွက် ဒီဇယ်ဆီ အသည်းအသန် ရှာဖွေနေရပါတယ်။
ခွန်ဘူရီ ဆေးရုံမှ လျှပ်စစ်ပညာရှင် ဂျူလာပွန် ရတ်ချာတော့ခ်က မတ် ၁၇ ရက်မှာ မီးစက်သုံးလုံးအတွက် ဒီဇယ်ဆီတွေ ရှာဖွေဝယ်ယူဖို့ တာဝန်ပေးခံရတယ်လို့ ပြောပါတယ်။
ဆေးရုံတွေမှာ အရေးကြီးတဲ့ ကုသမှုတွေအတွက် လျှပ်စစ်မီး ပြတ်တောက် မသွားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ထိုင်းဆေးရုံတွေက လျှပ်စစ်မီး ပြတ်တောက်မှုတွေ ရှိလာနိုင်တဲ့ အခြေအနေအတွက် မီးစက်တွေ အသုံးပြုလို့ရအောင် ဒီဇယ်ဆီတွေ ကြိုတင် စုဆောင်းနေကြပါတယ်။
ထိုင်းမှာ နှစ်တစ်နှစ်ရဲ့ အခုလို အချိန်ကာလမျိုးမှာ နွေရာသီ မုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပြီး မုန်တိုင်း တိုက်ရင် လျှပ်စစ်မီး ပြတ်တောက်လေ့ရှိပါတယ်။
ဆေးရုံတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှု မလုပ်ထားဘူးဆိုရင် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ လူနာတွေအပေါ် ရိုက်ခတ်မှု ရှိလာမှာ ဖြစ်ကြောင်း လျှပ်စစ်ပညာရှင် ဂျူလာပွန်က ပြောပါတယ်။
သူ့အနေနဲ့ မတ် ၁၆ ရက် တစ်ရက်လုံး လောင်စာဆီ ရရှိဖို့ ဒေသတစ်ခုလုံး လူနာတင်ယာဉ် တစ်စီးနဲ့ပိုက်စိပ်တိုက် ရှာဖွေခဲ့ရတယ်လို့ ဂျူလာပွန်က ပြောပါတယ်။
ဒွန် ခရုဒေသရှိ Bangchak ဆီဆိုင်က သူတို့ ဆေးရုံအတွက် ဒီဇယ် ၄၆၀ လီတာ ထောက်ပံ့ပေးဖို့ သဘောတူခဲ့ပေမယ့် တခြားကားတွေ အတွက်တော့ ဒီဇယ်ဆီ ဘတ် ၃၀၀ ဖိုးပဲ ထုတ်ပေးနေတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ လူနာတင်ကားမောင်းသူ တစ်ဦးက မိမိတို့ ဆေးရုံသုံးကားတွေကို ဆီဆိုင်တွေက ဦးစားပေး ဆီထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း အွန်လိုင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းမှာ အထူးသဖြင့် ဒီဇယ်ဆီ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး ယာဉ်မောင်းနှင်သူတွေ အတွက် လောင်စာဆီ ရရှိရေး အခက်ကြုံနေပါတယ်။
ထိုင်းမှာ အရန်လောင်စာဆီ လုံလောက်မှုရှိပြီး စစ်ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ ပြင်ပရှိ ရင်းမြစ်တွေဆီက လောင်စာဆီ ဝယ်ယူဖို့ စီစဉ်နေတယ်လို့ အစိုးရက ပြောထားပေမယ့် တချို့နေရာတွေမှာ မတ် ၁၇ ရက်က စိုးရိမ်တကြီး ဝယ်ယူမှုတွေ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။
စိုးရိမ်တကြီး ဝယ်ယူမှုတွေ များလာပြီး ဝယ်လိုအား ရုတ်တရက် မြင့်တက်လာတာလို့လောင်စာပို့ဆောင်မှု အလျင်မမီတာကြောင့် လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်နေတာ ဖြစ်ပြီး စိုးရိမ်စရာ မလိုကြောင်း အစိုးရက ပြောထားပါတယ်။
ဘန်ကောက်မြို့ရှိ ဒေသ တချို့ အပါအဝင် ထိုင်းနိုင်ငံရဲ့ ဒေသ အားလုံးရှိ ဆီဆိုင်တွေမှာ ဆီမရှိတော့ကြောင်း ကြေညာချက်တွေ မတ်လ ၁၇ရက်က မြင်တွေ့ခဲ့ရပါတယ်။
Ref:Bangkokpost

