ဝါရှင်တန်၊ မတ် ၁၇

အီရန်ကို တိုက်ခိုက်ရင် ပင်လယ်ကွေ့ရှိ အမေရိကန် မဟာမိတ်တွေကို လက်စားချေ တိုက်ခိုက်လာနိုင်တယ်လို့ သမ္မတ ဒေါ်နယ် ထရန့်ကို ကြိုသတိပေးခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ခုနဲ့ အရာရှိ တစ်ယောက်က ပြောပါတယ်။

အဲဒီလို ကြိုပြောထားခဲ့ပေမယ့် အီရန်ရဲ့ တုံ့ပြန်မှုကို အမှတ်မထင် မြင်တွေ့ခဲ့ရတယ်လို့ ထရန့်က မတ် ၁၆ ရက်မှာ ပြောဆိုခဲ့ပါတယ်။

စစ်ပွဲမတိုင်ခင် ထောက်လှမ်းရေးဆိုင်ရာ လေ့လာမှုတွေအရ အီရန်က လက်တုံ့ပြန်မယ်လို့ ရာနှုန်းပြည့် မသေချာပေမယ့် ဖြစ်လာနိုင်တဲ့ ရလဒ်တွေ စာရင်းမှာ အသေအချာ ပါဝင်နေတယ်လို့ ဖော်ပြထားကြောင်း အမည်မဖော်လို့တဲ့ သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ဘာရိန်းနဲ့ ကူဝိတ်တို့ကို အီရန်ရဲ့ လက်စားချေ တိုက်ခိုက်မှုဟာ ထင်မှတ်မထားတဲ့ ကိစ္စ ဖြစ်တယ်လို့ သမ္မတ ထရန့်က မတ် ၁၆ ရက်က နှစ်ကြိမ်တိုင်တိုင် ပြောဆိုခဲ့ပါတယ်။

အီရန်အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ တခြားနိုင်ငံ အားလုံးကို တိုက်ခိုက်ဖို့ လုပ်ထားခဲ့တာ မဟုတ်ဘူးလို့ ထရန့်က ပြောပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားခဲ့ပါဘူး၊ ကျွန်တော်တို့ ထိတ်လန့် သွားခဲ့ရပါတယ်လို့ သမ္မတထရန့်က ပြောပါတယ်။

အီရန်ကို တိုက်ခိုက်ရင် အီရန်က စီးပွားရေးအရ အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့လိမ့်မယ် ဆိုတာကိုလည်း ထရန့်ကို သတိပေးထားခဲ့တယ်လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ပင်လယ်ကွေ့ နိုင်ငံတွေရှိ အမေရိကန် အခြေစိုက် စခန်းတွေ ပြင်သစ် စစ်အခြေစိုက် စခန်းနဲ့ ဟိုတယ်တွေ၊ လေဆိပ်တွေနဲ့ စွမ်းအင် အဆောက်အဦတွေ အပါအဝင် အရပ်ဖက်နေရာတွေကိုပါ အီရန်က ဒရုန်းတွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ ပါတယ်။

အီရန်က အမေရိကန် ကုန်းတွင်းပိုင်းအထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ မကြာခင် ပိုင်ဆိုင်လာတော့မယ်၊ နျူကလီးယား လက်နက်ထုတ်လုပ်ဖို့ သီတင်း လေးပတ်လောက်ပဲ အချိန်ယူရလိမ့်မယ်ဆိုတဲ့ ပြောဆိုမှုတွေကို အမေရိကန် ထောက်လှမ်းရေးက မထောက်ခံခဲ့ဘူးလို့ သိရပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ စစ်ပွဲ စတင်ဖို့ မဖြစ်မနေ လိုနေပြီဆိုတဲ့ အန္တရာယ်မျိုးလည်း မရှိခဲ့ဘူးလို့ ဒီမိုကရက် လွှတ်တော်အမတ်တွေက ပြောပါတယ်။

အီရန်ကို တိုက်ခိုက်ရင် ပိုကျယ်ပြန့်တဲ့ ဒေသဆိုင်ရာ စစ်ပွဲ ဖြစ်လာနိုင်ကြောင်းလည်း ထရန့်ကို ကြိုတင် သတိပေးထားခဲ့ပြီး ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီလို သတိပေးထားပေမယ့် အစ္စရေးနဲ့ အမေရိကန်က အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်က စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.