ကိုလမ်ဘို၊ မတ် ၁၇
အရှေ့အလယ်ပိုင်း စစ်ပွဲ နောက်ထပ် ရှည်ကြာလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ သီရိလင်္ကာက သူတို့ရဲ့ ရှားပါးတဲ့ အရန်လောင်စာ ပမာဏထိန်းသိမ်းရေး တစ်ပတ် အလုပ်လုပ်ရက် ၄ ရက်ပဲ သတ်မှတ်ကြောင်း မတ် ၁၆ ရက်မှာ ကြေညာပါတယ်။
ငြိမ်းချမ်းတဲ့ ကာလတွေမှာ ကမ္ဘာကြီးရဲ့ ကုန်စည်ဖြတ်သန်း စီးဆင်းမှု စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ အဓိက ရေလမ်းကြောင်း ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားပါတယ်။
အခု တတိယ သီတင်းပတ်ထဲ ဝင်ရောက်လာနေပြီ ဖြစ်တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲ ဆင်နွှဲမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က အဲဒီလို အချက်အချာ လမ်းကြောင်းကို ပိတ်ထားတာ ဖြစ်ပါတယ်။
သီရိလင်္ကာမှာ အစိုးရ ဌာနတွေအနေနဲ့ မတ် ၁၈ ရက်က စတင်ပြီး သီတင်းတစ်ပတ်ကို ၄ ရက်တည်း အလုပ်ဆင်းရမယ့် အစီအစဉ် စတင်မှာ ဖြစ်ကြောင်း မရှိမဖြစ် လိုအပ်သော ဌာနများဆိုင်ရာ ကော်မရှင်နာမင်းကြီး ပရာဘက် ချန်ဒရာကာသီက ပြောပါတယ်။
အဲဒီ ခြိုးခြံချွေတာရေး အစီအစဉ် အသစ်တွေဟာ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေအတွက်လည်း အကျုံးဝင်ပြီး အချိန် အကန့်အသတ်မရှိ လိုက်နာရမှာ ဖြစ်တယ်လို့ ချန်ဒရာကာသီက ပြောထားပါတယ်။
ပုဂ္ဂလိကကဏ္ဍအနေနဲ့လည်း အဲဒီ အစီအစဉ်ကို လိုက်နာတဲ့အနေနဲ့ အခုက စတင်ပြီး ဗုဒ္ဓဟူးနေ့တိုင်း အားလပ်ရက် ဖြစ်ကြောင်း ကြေညာကြဖို့ သူက တိုက်တွန်းထားပါတယ်။
သမ္မတ အနူရာ ကုမာရ ဒီဆာနာယာကီ ဦးဆောင်တဲ့ အရေးပေါ် အစည်းအဝေး တစ်ရပ်ပြီးနောက်မှာ ချန်ဒရာကာသီက အခုလိုမျိုး သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်
အဆိုးရွားဆုံး အခြေအနေအတွက် ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်ပေမယ့် အကောင်းဆုံးကိုလည်း မျှော်လင့်ထားရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဆေးရုံတွေ၊ ဆိပ်ကမ်းတွေနဲ့ အရေးပေါ်ဌာနတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ဌာနတွေကတော့ ပုံမှန်အတိုင်းပဲ ဆက်လက် လည်ပတ်မှာ ဖြစ်ကြောင်း ဒီဆာနာယာကီက ပြောပါတယ်။
သီရိလင်္ကာအစိုးရက အများပြည်သူဆိုင်ရာ အခမ်းအနားတွေ အားလုံးကိုလည်း ရပ်ဆိုင်းထားလိုက်ပြီး အစိုးရဝန်ထမ်းတွေအနေနဲ့ လောင်စာ အသုံးပြုမှု တတ်နိုင်သမျှ ကန့်သတ်ရေး နေအိမ်က အလုပ်လုပ်လို့ရရင် လုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
သီရိလင်္ကာဟာ သူတို့နိုင်ငံအတွက် လိုအပ်တဲ့ လောင်စာ အားလုံးကို ပြည်ပက တင်သွင်းတာ ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေးဖို့ ကျောက်မီးသွေးတွေလည်း ဝယ်ယူနေရတာ ဖြစ်ပါတယ်။
လောင်စာ အချိုးကျ ထုတ်ပေးရေး မတ် ၁၅ ရက်က စတင်ခဲ့ပြီး ယာဉ်မောင်း တစ်ဦးစီ အတွက် တစ်ပတ်ကို ဒီဇယ် ဒါမှမဟုတ် ဓာတ်ဆီ ၁၅ လီတာပဲ ထုတ်ယူခွင့် ရှိပြီး အများပြည်သူဆိုင်ရာ ပို့ဆောင်ရေးယာဉ် တစ်စီးစီအတွက် လီတာ ၂၀၀ ခွင့်ပြုထားပါတယ်။
နိုင်ငံမှာရှိတဲ့ ရေနံနဲ့ ဓာတ်ဆီ အရန် ပမာဏဟာ နောက်ထပ် သီတင်း ၆ ပတ်လောက်အတွက်ပဲ ကျန်ရှိတော့မှာ ဖြစ်တယ်လို့ သီရိလင်္ကာ အရာရှိတွေက ပြောပါတယ်။
ဒါပေမဲ့ နောက်ထပ် ထောက်ပံ့မှုတွေအတွက် အနှောင့်အယှက် ဖြစ်လာခဲ့မယ်ဆိုရင် မိမိတို့ ကျွန်းနိုင်ငံအတွက် ကြီးကြီးမားမား ထိခိုက်နိုင်တယ်လို့ အရာရှိတွေက သတိပေးထားပါတယ်။
သီရိလင်္ကာဟာ သန့်စင်ပြီး ဓာတ်ဆီ ထုတ်ကုန်တွေကို စင်ကာပူ၊ မလေးရှားနဲ့ တောင်ကိုရီးယားတို့ ဆီက ဝယ်ယူနေတာ ဖြစ်ပြီး သူတို့ဆီမှာ အီရန် တည်ဆောက်ထားတဲ့ ရေနံ သန့်စင် လုပ်ငန်းအတွက် ရေနံစိမ်းတွေကို အရှေ့အလယ်ပိုင်းက အဓိက ဝယ်ယူတာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာပြီး စစ်ပွဲ ရှည်ကြာနေမယ်ဆိုရင် ၂၀၂၂ ခုနှစ် စီးပွားရေး ပြိုလဲမှုကနေ ပြန်လည် လွတ်မြောက်ရေး ကြိုးပမ်းမှုတွေ ပြင်းပြင်းထန်ထန် အားလျော့သွားလိမ့်မယ်လို့ သိရိလင်္ကာ အစိုးရက သတိပေးထားပါတယ်။
သိရိလင်္ကာ အပြင် ပါကစ္စတန်၊ ဖိလစ်ပိုင်၊ လာအို၊ ထိုင်းနဲ့ မြန်မာ အပါအဝင် အာရှနိုင်ငံတွေမှာ လောင်စာ သုံးစွဲမှု လျှော့ချရေး အစီအစဉ်တွေ မိတ်ဆက်ထားပါတယ်။
Ref:Agencies

