ဝါရှင်တန်၊ မတ် ၁၆
အမေရိကန်အနေနဲ့ မကြာခင် ကျူးဘားနဲ့ သဘောတူညီမှု ရယူနိုင်ပြီး ဒါမှမဟုတ်လို့ရှိရင် တခြား အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ရမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မတ် ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
ကာလကြာရှည် ထိခိုက်နေတဲ့ ဆက်ဆံရေးအတွင်း တိုးတက်မှုတွေ အလျင်အမြန် ဖြစ်ပေါ်လာမယ်လို့ ဒေါ်နယ် ထရန့်က အချက်ပြလိုက်တာ ဖြစ်ပါတယ်။
ကျူးဘားက သဘောတူညီမှု တစ်ရပ် ရယူလိုပြီး မိမိတို့ များမကြာခင် သဘောတူညီမှု တစ်ရပ် ရယူရင်ယူ မဟုတ်ရင် မိမိတို့ လုပ်စရာရှိတာ လုပ်ရလိမ့်မယ်လို့ ထရန့်က Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
မိမိတို့ ကျူးဘားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ကျူးဘားမတိုင်ခင် အီရန်ကို အရင်ရှင်းမှာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။
ဝါရှင်တန်နဲ့ ဟာဗားနားကြား တင်းမာမှုတွေ နှစ်များစွာကြာအောင် ရှိခဲ့ပြီးနောက် ထရန့်ရဲ့ ပြောဆိုချက်တွေအရ မူဝါဒ ပြောင်းလဲလာမလားဆိုတာကို ဒေသဆိုင်ရာ မဟာမိတ်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အနီးကပ် စောင့်ကြည့်နေကြပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး စီးပွားရေး ပြဿနာနဲ့ ရင်ဆိုင်နေရချိန်မှာ ကျူးဘားသမ္မတ မီဂွေးလ် ဒိုက်ဇ် ကာနယ်က အမေရိကန်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ မတ် ၁၃ ရက်မှာ ပြောပါတယ်။
မိမိတို့ နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုတွေကို သံတမန်နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာရေး ရည်ရွယ်ထားတယ်လို့ ကျူးဘားသမ္မတက ဆိုတာပါ။
ဒီလို ညှိနှိုင်းမှုတွေကြောင့် ကာလရှည်ပြိုင်ဖက် နှစ်နိုင်ငံ ထိပ်တိုက် မတွေ့ရေး ရှောင်ရှား နိုင်ဖို့ မျှော်လင့်တယ်လို့ ကျူးဘား သမ္မတက ပြောထားပါတယ်။
မကြာသေးခင်က အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ကြေညာချက်တွေ အများကြီး ထုတ်ပြန်ခဲ့ပြီး ကျူးဘားအနေနဲ့ ပြိုလဲလုနီးပါးဖြစ်နေပြီ ဖြစ်ပြီး သဘောတူညီမှု ရယူလိုနေပြီ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ကျူးဘားကို ခင်ခင်မင်မင်နဲ့ လွှဲပြောင်းရယူမှု ဖြစ်လာနိုင်သလို ခင်ခင်မင်မင်နဲ့ လွှဲပြောင်းရယူမှုလည်း ဖြစ်မလာနိုင်ဘူးလို့ ထရန့်က ပြောပါတယ်။
ညှိနှိုင်းမှုတွေ လုပ်မယ်ဆိုရင် မိမိတို့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာအပေါ် လေးစားမှု ရှိရမယ်လို့ ကျူးဘား အရာရှိတွေက ပြောထားပြီး အမေရိကန် အရာရှိတွေကတော့ ကျူးဘား အနေနဲ့ နိုင်ငံရေးအရ၊ စီးပွားရေးအရ လိုက်လျောခွင့်ပြုတာတွေ လုပ်ပြီးမှပဲ လက်ရှိ ဖိအားတွေ လျော့သွားလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုအား အမေရိကန်က ဝင်ရောက် ဖမ်းဆီးပြီး နောက်မှာ ကျူးဘားသို့ ဗင်နီဇွဲလားရဲ့ ရေနံ ထောက်ပံ့မှု မရှိတော့တာနဲ့ အတူ လောင်စာ ပြတ်လပ်နေ ပါတယ်။
Ref:Reuters

