ဖနွမ်းပင် ၊ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၅
နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ ကမ္ဘောဒီးယား တပ်ဖွဲ့တွေနဲ့ မိမိတို့ တပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီ ၂၄ ရက်က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အိမ်နီးချင်း ကမ္ဘောဒီးယားက ချိုးဖောက်တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲထားပေမယ့် ဖနွမ်းပင် အစိုးရကတော့ သူတို့ တပ်ဖွဲ့တွေအနေနဲ့ ဘာလက်နက်မှ အသုံးပြုမှု မရှိခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။
အရှေ့တောင်အာရှ နှစ်နိုင်ငံရဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့ နယ်စပ် အငြင်းပွားမှုဟာ ပြီးခဲ့တဲ့နှစ်က တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားတဲ့အထိ အရှိန်မြင့်လာခဲ့ပါတယ်။
ဇူလိုင်လနဲ့ ဒီဇင်ဘာလအတွင်း တိုက်ခိုက်မှုတွေကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး တစ်သန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ ပေမယ့် နှစ်ဖက် တင်းမာမှုတွေ ဆက်ရှိနေခဲ့ပြီး အပစ်အခတ်ရပ်စဲမှု သဘောတူညီချက် ချိုးဖောက်တယ်ဆိုပြီး နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲနေကြပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က နယ်စပ်ရှိ ဆီဆာကတ်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေကို ကမ္ဘောဒီးယား စစ်သားတွေက ၄၀ မမ ကျည်သုံးပြီး ပစ်ခတ်ခဲ့တာကြောင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သီတင်းသုံးပတ်ကြာ တိုက်ပွဲတွေကို အဆုံးသတ်စေခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ကမ္ဘောဒီးယားက ချိုးဖောက်တယ်လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်း ဆူဗာရီက စွပ်စွဲထားပါတယ်။
ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး နိသ် ပီယက်ထရာက အဲဒီ စွပ်စွဲချက် လုံးဝမှားယွင်းကြောင်းနဲ့ အများပြည်သူကို တလွဲထင်မှတ်စေဖို့၊ တင်းမာမှု မြင့်တက်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်တဲ့ စွပ်စွဲ ပြောဆိုမှုတွေ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း ထိုင်းစစ်သားတွေ ထိခိုက်မှု မရှိကြောင်း စစ်တပ်က ပြောပါတယ်။
အဲဒီ ဖြစ်ရပ်အပြီး ထိုင်းတပ်ဖွဲ့က သတိပေးတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရေး အနေအထားနဲ့ M79 ဗုံးပစ် လောင်ချာနဲ့ ကျည်လာရာနေရာဆီ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောထားပါတယ်။
ကမ္ဘောဒီးယား တပ်ဖွဲ့တွေ အလှည့်ကျ တာဝန်ထမ်းဆောင်ချိန်မှာ အသစ်ရောက်လာတဲ့ တပ်ဖွဲ့ဝင်တွေဟာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ကွပ်ကဲထိန်းချုပ်မှုတွေကို နားမလည်တာကြောင့် အခုလို ဖြစ်ရပ် ဖြစ်ပွားခဲ့ရတာ ဖြစ်နိုင်တယ်လို့ ထိုင်းစစ်တပ်က ကနဦး စစ်ဆေးတွေ့ရှိချက်တွေကို ကိုးကားပြီး ပြောပါတယ်။
ကင်းလှည့်နေတဲ့ ထိုင်းစစ်သားတွေကို ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့ ပြောဆိုမှုဟာ လုပ်ကြံ ပြောဆိုမှု ဖြစ်တယ်လို့ ကမ္ဘောဒီးယားက တုံ့ပြန်ပါတယ်။
ကမ္ဘောဒီးယားအနေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ခေတ္တပဲ တည်တံ့ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကိုရော ဒီဇင်ဘာလက ရရှိခဲ့တဲ့ သဘောတူညီမှုကိုပါ မမှိတ်မသုန် ကတိပြုထားဆဲ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
နှစ်နိုင်ငံ ပူးတွဲ စစ်ဆေးအတည်ပြုမှု မရှိဘဲ ထိုင်းစစ်တပ်ရဲ့ တစ်ဖက်သတ် ပြစ်တင်စွပ်စွဲချက်တွေကြောင့် ကမ္ဘောဒီးယားအနေနဲ့ စိုးရိမ်မိကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူ ပီယက်ထရာက ပြောပါတယ်။
ထိုင်းက နယ်စပ်ဒေသရှိ မိမိတို့ နယ်နိမိတ်တွေကို တရားမဝင် သိမ်းယူထားတယ်လို့ ကမ္ဘောဒီးယားက စွပ်စွဲပြီးနောက် နှစ်ဖက် စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Ref:AFP

