လန်ဒန်၊ ဖေဖော်ဝါရီ ၂၅

တရုတ်ဆီကနေ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးကျည်တွေ ဝယ်ယူရေး အီရန် သဘောတူညီမှု ရရှိခါနီးနေပြီဖြစ်ကြောင်း ညှိနှိုင်းမှုတွေနဲ့ နီးစပ်သူတွေက ပြောလိုက်ပါတယ်။

အီရန် ကမ်းရိုးတန်းအနီး အမေရိကန်က ရေတပ်အင်အား ကြီးကြီးမားမား ချထားပြီး အီရန်ကို တိုက်ခိုက်နိုင်ခြေရှိနေချိန်မှာ အခုလို သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံထုတ် CM‑302 ဒုံးကျည် ဝယ်ယူရေး သဘောတူညီမှု ရရှိခါနီးနေပြီ ဖြစ်ပေမယ့် ပေးပို့မယ့် ရက်စွဲကို သဘောမတူရသေးဘူးလို့ အဲဒီ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီ အသံထက်မြန်တဲ့ ဒုံးကျည်တွေဟာ ကီလိုမီတာ ၂၉၀ အထိ ပစ်ခတ်ရောက်ရှိနိုင်ပြီး သင်္ဘောတွေမှာ တပ်ဆင်ထားတဲ့ ကာကွယ်ရေးစနစ်တွေကို ရှောင်ရှားရေး ခပ်နိမ့်နိမ့်ကနေ မြန်မြန်ဆန်ဆန် ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ဒုံးကျည်တွေသာ အီရန် လက်ထဲကို ရောက်ရှိသွားရင် သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းပကား သိသိသာသာ တိုးတက်လာမှာ ဖြစ်ပြီး ဒေသတွင်းရှိ အမေရိကန် ရေတပ် တပ်ဖွဲ့တွေအတွက် အန္တရာယ်ရှိနိုင်ကြောင်း လက်နက် ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

တရုတ်ဆီက အဲဒီဒုံးကျည် စနစ်များ ဝယ်ယူရေး ညှိနှိုင်းမှုတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက စတင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဇွန်လက အစ္စရေးနဲ့ အီရန်ကြား ၁၂ ရက်ကြာ စစ်ပွဲ ဖြစ်ပွားပြီးနောက်မှာ ညှိနှိုင်းမှုတွေ အရှိန်မြင့်တက်လာခဲ့တယ်လို့ လုံခြုံရေး အရာရှိ သုံးဦးနဲ့ အဲဒီဆွေးနွေးညှိနှိုင်းမှုတွေ အကြောင်း သိရှိထားသူ သုံးဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဆွေးနွေးမှုတွေ နောက်ဆုံးအဆင့်သို့ ဝင်ရောက်လာချိန် အီရန် လက်ထောက် ကာကွယ်ရေးဝန်ကြီး အပါအဝင် အီရန် စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ အစိုးရ အရာရှိတွေ တရုတ်သို့ သွားရောက်ခဲ့ကြပါတယ်။

အီရန် လက်ထောက် ကာကွယ်ရေးဝန်ကြီး မာဆောက် အိုရာရီရဲ့ တရုတ် ခရီးစဉ်ကို အရင်က သတင်းဖော်ပြခဲ့တာမျိုး မရှိပါဘူး။

ဒေသတွင်းရှိ သင်္ဘောတွေကို တိုက်ခိုက်ဖို့ အသံထက်မြန်တဲ့ ဒုံးကျည်တွေ အီရန် လက်ထဲ ရောက်ရှိ သွားရင် လုံးဝ အဖြေပြောင်းလဲသွားစေနိုင်ကြောင်း အီရန်အရေး လေ့လာသူ အစ္စရေး ထောက်လှမ်းရေး အရာရှိဟောင်း ဒန်နီ စီထရီနော့ဝှစ်ချ်က ပြောပါတယ်။

အဲဒီ ဒုံးကျည်တွေဟာ ကြားဖြတ် တားဆီးဖို့ အရမ်းခက်ခဲတဲ့ ဒုံးကျည် အမျိုးအစား ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

ဒေသတွင်း တင်းမာမှု မြင့်တက်နေချိန်မှာ တရုတ်က သဘောတူညီမှုအတိုင်း ဒုံးကျည်တွေ ရောင်းချပေးမှာလား၊ ရရှိလာနိုင်တဲ့ သဘောတူညီမှုအတွက် အီရန်က ငွေဘယ်လောက် ပေးရမှာလဲ ဒါမှမဟုတ် ဒုံးကျည် အစင်းရေ ဘယ်လောက် ပါဝင်မှာလဲ ဆိုတာကို အတည်မပြုနိုင်သေးကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အီရန်မှာ မိမိတို့ မဟာမိတ်တွေနဲ့ စစ်ရေး၊လုံခြုံရေး သဘောတူညီမှုတွေ ရှိထားပြီး အခုအချိန်ဟာ အဲဒီ သဘောတူညီမှုတွေကို အသုံးချဖို့ သင့်တော်တဲ့အချိန် ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက ဆိုပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ရိုက်တာက ကုလသမဂ္ဂဆိုင်ရာ တရုတ် သံအဖွဲ့ကို မေးမြန်းရာမှာ ဘေဂျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဆက်သွယ်မေးမြန်းဖို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

အီရန်အနေနဲ့ သူတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ၁၀ ရက်ကနေ ၁၅ ရက် အတွင်း သဘောတူညီမှု မရယူရင် ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဖေဖော်ဝါရီ ၁၉ ရက်က ခြိမ်းခြောက်ထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.