ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅
လွှတ်တော်သို့ ပြောကြားတဲ့ သမိုင်းတလျှောက် အရှည်ကြာဆုံး နိုင်ငံတော် အခြေပြမိန့်ခွန်း အတွင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သူ့ရဲ့ အိမ်ဖြူတော်မှာ ပြီးခဲ့တဲ့နှစ် စွမ်းဆောင်ရည်တွေကို အမွှန်းတင်ပြီး အီရန်ကို ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။
၁ နာရီနဲ့ ၄၇ မိနစ်ကြာတဲ့ မိန့်ခွန်းအတွင်း ထရန့်က အမေရိကန်နိုင်ငံရဲ့ စီးပွားရေးနဲ့ ပတ်သက်လို့ သူဟာ ခေတ်များစွာအတွက် အလှည့်အပြောင်းတွေကို ကြီးကြပ်ဆောင်ရွက်ခဲ့တယ်လို့ ပြောဆိုသွားပါတယ်။
အီရန်နဲ့ ပတ်သက်လို့ သူ့အနေနဲ့ သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့ ပိုသဘောကျပေမယ့် တီဟီရန်အနေနဲ့ နျူကလီးယား လက်နက်ထုတ်လုပ်ရေး မကြိုးစားဖို့ သတိပေးပြောကြား ပါတယ်။
တက်ရောက်လာတဲ့ နိုင်ငံတော်တရားရုံး တရားသူကြီးတွေနဲ့ လက်ဆွဲနှုတ်ဆက်ပြီးနောက်မှာ ထရန့်က အခွန်အတုပ်တွေနဲ့ ပတ်သက်လို့ တရားသူကြီးတွေရဲ့ မကြာသေးခင်က ကြေညာချက်တွေဟာ အင်မတန်မှ ကံအကြောင်းအကြောင်းမလှတဲ့ ကြေညာချက်တွေ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
ဒီမိုကရက် လွှတ်တော်အမတ် တချို့ကတော့ ထရန့်ဟာ မိမိတို့နိုင်ငံ ရင်ဆိုင်နေရတဲ့ ဖိအားများတဲ့ စိန်ခေါ်မှုတွေအတွက် စစ်မှန်တဲ့ ဖြေရှင်းချက် တစ်ခုမှ မပေးခဲ့ဘူးလို့ တုံ့ပြန်ပါတယ်။
အမေရိကန် နိုင်ငံသား အများစုဟာ လက်ရှိ နိုင်ငံရဲ့ အခြေအနေ၊ ထရန့်ရဲ့ ဦးဆောင်မှုနဲ့ ပတ်သက်လို့ စိတ်မကျေနပ် ဖြစ်နေကြကြောင်း စစ်တမ်းတွေက ဖော်ပြထားပြီး သမ္မတကလည်း လက်ရှိ လုပ်ရပ်တွေကို ပြောင်းလဲမယ့် အရိပ်အရောင် တစ်ခုမှ မဖော်ပြပါဘူး။
ထရန့်က မိန့်ခွန်းကို ၁ နာရီနဲ့ ၄၇ မိနစ် ကြာတဲ့အထိ ပြောကြားသွားပေမယ့် ကမ္ဘာတဝှမ်း ထိပ်တန်း အရာရှိတွေကြား လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တဲ့ အက်ပ်စတိန်ရဲ့ ဖိုင်တွဲ ထုတ်ဖော်မှုနဲ့ ပတ်သက်လို့ တစ်လုံးတစ်ပါဒမှ ထည့်သွင်း ပြောဆိုသွားတာ မတွေ့ရပါဘူး။
ယူကရိန်းကို ရုရှား ကျူးကျော်တိုက်ခိုက်မှု လေးနှစ်ပြည့်ပြီး တစ်ရက်အကြာမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း ထရန့်က ယူကရိန်းနဲ့ ရုရှားကြား သတ်ဖြတ်မှုတွေ အဆုံးသတ်အောင် အမေရိကန်က အစိုးရက ကြိုးပမ်းနေတယ်ဆိုရုံလောက်ပဲ ပြောကြားသွားပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်သို့ ဝင်ရောက်မှုနဲ့ ပတ်သက်လို့ ထရန့်က ဘိုင်ဒန် အစိုးရကို အပြစ်တင်ပြီး လူသတ်သမားတွေကို နိုင်ငံထဲ ဝင်ရောက်ခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။
ထရန့်ရဲ့ လွှတ်တော်မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းဟာ အမေရိကန် သမ္မတ တစ်ဦးရဲ့ အရှည်ကြာဆုံး မိန့်ခွန်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
စီးပွားရေးနဲ့ ပတ်သက်လို့ သူက ငွေဖောင်းပွမှုနှုန်းဟာ ၅ နှစ်အတွင်း အနိမ့်ဆုံး ဖြစ်နေပြီး အမေရိကန် စီးပွားရေးဟာ အရင်ကနဲ့ လုံးဝ မတူဘဲ တိုးတက်နေတယ်လို့ ပြောဆိုသွားပါတယ်။
သူက ဗင်နီဇွဲလားသမ္မတ မာဒူရိုအား ဖမ်းဆီးနိုင်မှုကို ချီးကျူးပြောဆိုပြီး အီရန်ကို နျူကလီးယားလက်နက် လုံးဝ ပိုင်ဆိုင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
သူ့လက်ထက်မှာ အမေရိကန်ဟာ ရွှေရောင်ခေတ်ကာလ တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း ထရန့်က ပြောဆိုသွားပါတယ်။
Ref:BBC

