ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၅
အီရန်က ဥရောပနဲ့ အရှေ့အလယ်ပိုင်းရှိ အမေရိကန် ပစ်မှတ်တွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ အနောက်တိုင်းနဲ့ အမေရိကန် လုံခြုံရေး အရာရှိတွေက ပြောလိုက်ပါတယ်။
အီရန်ကို သမ္မတ ဒေါ်နယ် ထရန့်က တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့မယ်ဆိုရင် အီရန်က သူ့ရဲ့ ကိုယ်စား လက်နက်ကိုင်တပ်တွေကို တိုက်ခိုက်ဖို့ တိုက်ရိုက် အမိန့်ပေးလာနိုင်တယ်လို့ အနောက်တိုင်းရဲ့ သတင်းအချက်အလက် အသစ်တွေမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်သမားတွေရဲ့ ဆက်သွယ်မှုတွေအရ စုပေါင်းတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ကြံစည်နေကြောင်း သတင်းရရှိထားတယ်လို့ အနောက်တိုင်းနဲ့ အမေရိကန် လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောကြားကြောင်း နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။
အီရန်အနေနဲ့ လာမယ့် ၁၀ ရက်ကနေ ၁၅ ရက်အတွင်း သဘောတူညီမှု မရယူရင် ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ထရန့်က ဖေဖော်ဝါရီ ၁၉ ရက်က သတိပေးထားခဲ့ ပါတယ်။
အမေရိကန်က မိမိတို့ကို တိုက်ခိုက်ရင် ပိုမို ကျယ်ပြန့်တဲ့ ဒေသတွင်း စစ်ပွဲ ဖြစ်လာနိုင်တယ်လို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက ပြန်လည် ခြိမ်းခြောက်ထားပါတယ်။
ဒီလို အပြန်အလှန် ငြိမ်းခြောက်မှုတွေ ရှိနေပေမယ့် အီရန်နဲ့ အမေရိကန်တို့ ဖေဖော်ဝါရီ ၂၆ ရက် ဘရပ်ဆဲလ်မှာ ထပ်ပြီး ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
အီရန် နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူညီချက် ရရှိရေး လက်တစ်ကမ်းပဲ လိုတော့တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ချီက ပြောထားပါတယ်။
ဒေါ်နယ်ထရန့်က လွှတ်တော်သို့ ပြောကြားခဲ့တဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အီရန်ကို နျူကလီးယား လက်နက် လုံးဝ ပိုင်ဆိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။
အီရန် ကမ်းရိုးတန်းအနီး အမေရိကန်က လေယာဉ်တင် သင်္ဘောတွေ အပါအဝင် ရေတပ် အင်အား သိသိသာသာ တိုးမြှင့်ထားချိန် အီရန်ရဲ့ ဟောမု့ဇ် ရေလက်ကြားအတွင်း ရေတပ် စစ်ရေး လေ့ကျင့်မှုမှာ ရုရှားလည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။
ဒီလို တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အီရန်က တရုတ်ဆီက အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးကျည်တွေ ဝယ်ယူရေး သဘောတူညီမှုရယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အမေရိကန်က အရှေ့အလယ်ပိုင်းရှိ သံရုံး တချို့က သူတို့ရဲ့ မရှိမဖြစ် မဟုတ်တဲ့ သံတမန်တွေနဲ့ မိသားစုတွေ အလျင်အမြန် ထွက်ခွာကြဖို့ ညွှန်ကြားထားပါတယ်။
တင်းမာမှုတွေ အရှိန်မြင့်နေပေမယ့် ထရန့်က အီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်တဲ့ ပြဿနာကို သံတမန်နည်းနဲ့ ဖြေရှင်းဖို့ ပိုသဘောကျတယ်လို့ ပြောဆိုထားပါတယ်။
Ref:Telegraph

