မော်စကို၊ ဖေဖော်ဝါရီ ၂၄

ယူကရိန်းနဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲ ရှေ့တန်း စစ်မြေပြင်မှာ အမိန့် မနာခံတဲ့ စစ်သားတွေကို သူတို့ရဲ့ အထက်အရာရှိတွေက ကွပ်မျက် သတ်ဖြတ်နေကြောင်း ရုရှား စစ်သားလေးဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရှေ့တန်း စစ်မြေပြင်မှာ အမိန့် မနာခံတဲ့ စစ်သား တစ်ယောက်ကို အထက်အရာရှိက ပစ်သတ်ခဲ့တာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်လို့ ရုရှား စစ်သား တစ်ယောက်က မှတ်တမ်းတင် ရုပ်ရှင် တစ်ခုမှာ ပြောထားပါတယ်။

အဲဒီ တပ်မှူးဟာ ၂၀၂၄ ခုနှစ်မှာ ရုရှား သူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ကြောင်း သိရပါတယ်။

နောက်ထပ် တစ်ခွဲတစ်ခုက ရုရှား စစ်သား တစ်ယောက်ကတော့ သူ့ရဲ့ အထက်အရာရှိက သူ့ရဲ့ စစ်သား လေးယောက်ကို သူကိုယ်တိုင် ပစ်သတ်လိုက်တာ မြင်တွေ့ခဲ့ရတယ်လို့ ဆိုတာပါ။

ပစ်သတ်ခံလိုက်ရသူတွေဟာ သူနဲ့ သိကျွမ်းတဲ့ စစ်သားတွေ ဖြစ်ပြီး တစ်ယောက်က ကျွန်တော့ကို မပစ်ပါနဲ့ ခိုင်းတာမှန်သမျှ လုပ်ပေးပါမယ်လို့ ပြောနေရင်းမှာပဲ ပစ်သတ်ခံလိုက်ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရုရှား တပ်မှူးက အသုံးမကျဘူးလို့ ပြောတဲ့ တပ်ဖွဲ့ဝင် ၂၀ လောက် ကျင်းတစ်ခုထဲ သေဆုံးနေတာကိုလည်း တွေ့မြင်ခဲ့ရတယ်လို့ နောက်ထပ် ရုရှား စစ်သား တစ်ယောက်က ပြောဆိုပါတယ်။

အသေခံတိုက်ခိုက်သလို တိုက်ခိုက်ရမယ့် စစ်ဆင်ရေးတွေမှာ ပါဝင်ဖို့ ငြင်းဆန်တဲ့ ရုရှား စစ်သားတွေဟာ အနည်းဆုံး နှိပ်စက်ခံကြရပြီး တပ်မှူးက မကျေနပ်ရင် ပစ်သတ်ခံနေကြရတယ်လို့ ရုရှား စစ်သားလေးယောက်က ပြောပြပါတယ်။

စစ်ဆင်ရေးမှာ ပါဝင်ဖို့ ငြင်းဆန်တဲ့ ရုရှား စစ်သားတွေအနေနဲ့ နှိပ်စက်ခံရတာ၊ ကျင်ငယ်ရေနဲ့ အပက်ခံရတာ၊ ရှော့ခ်တိုက်ခံရတာတွေရှိကြောင်း အဲဒီ ရုရှား စစ်သားတွေက ပြောပါတယ်။

သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ယူကရိန်းသို့ ကျူးကျော် တိုက်ခိုက်မှုအပေါ် အများပြည်သူ ကန့်ကွက် ဆန့်ကျင်မှု အားလုံး ဖိနှိပ်တားဆီး ခံနေရတာပါ။

ယူကရိန်း စစ်ပွဲအတွင်း တရားဝင် သေဆုံးသူ အရေအတွက်ကို မော်စကိုက မထုတ်ပြန်ပေမယ့် ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ လေးနှစ်လောက်က စစ်ပွဲ စတင်ပြီး နောက်ပိုင်း ရုရှား စစ်သား ၁ ဒသမ ၂ သန်းကျော် သေဆုံးတာ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောထားပါတယ်။

ရုရှား အစိုးရကတော့ အင်မတန် ပြင်းထန်တဲ့ စစ်ဆင်ရေးတွေမှာတောင် မိမိတို့ စစ်သားတွေကို အမြင့်မားဆုံး စောင့်ရှောက်ပေးနေတယ်လို့ ပြောထားပါတယ်။

ဥပဒေချိုးဖောက်မှုတွေ၊ ရာဇဝတ်မှု ကျူးလွန်မှုတွေ ရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း တာဝန်နဲ့အညီ စုံစမ်း စစ်ဆေးနေတယ်လို့ မော်စကို အစိုးရက ပြောပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.