မူစကတ်၊ ဖေဖော်ဝါရီ ၇

အိုမန်နိုင်ငံမှာ ဆွေးနွေးမှုတွေ စတင်ခဲ့ပြီးနောက် အမေရိကန်နဲ့အီရန် အကြီးတန်း အရာရှိတွေ ဆက်လက် ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ပြောပါတယ်။

နှစ်နိုင်ငံကြား စစ်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ အခုလို ဆွေးနွေးမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကြားဝင် စေ့စပ်ပေးထားတဲ့ ဆွေးနွေးမှုတွေ အစကောင်းကြောင်း ဝန်ကြီး အဘတ်စ် အာရက်ချီက ပြောကြားပြီး နျူကလီးယားကိစ္စကို အထူး ဆွေးနွေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုအချိန်မှာတော့ ညှိနှိုင်းရေးမှူးတွေအနေနဲ့ တိုင်ပင် ဆွေးနွေးရေး သူတို့ရဲ့ မြို့တော်တွေဆီ ပြန်သွားကြပြီလို့ သူက ပြောပါတယ်။

ဆွေးနွေးမှုတွေ မတိုင်ခင် အမေရိကန်အရာရှိတွေက အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ ကူညီနေတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးလိုတယ်လို့ ပြောကြားခဲ့တာပါ။

အမေရိကန်ဖက်ကတော့ တုံ့ပြန် မှတ်ချက် ပေးမှု မရှိသေးပါဘူး။

ပြီးခဲ့တဲ့လက အီရန်မှာ နိုင်ငံတဝန်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အရှေ့အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အား တိုးမြှင့်ထားချိန်မှာ ဆွေးနွေးမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ ဆန္ဒပြပွဲတွေအတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မိမိအနေနဲ့ အီရန်ကို သံတမန်ရေးအရ ကိုင်တွယ်ရတာကို ပိုသဘောကျပေမယ့် စစ်ရေးအရ အရေးယူမယ့် နည်းလမ်းကိုလည်း ပယ်ချမထားဘူးလို့ ပြောထားပါတယ်။

အီရန်အနေနဲ့ သဘောတူညီမှု တစ်ရပ် မရယူဘူးဆိုရင် အီရန်ကို ဗုံးကြဲပစ်မှာ ဖြစ်ကြောင်း ထရန့်က ခြိမ်းခြောက်ထားပါတယ်။

အမေရိကန်က တိုက်ခိုက်ရင် ဒေသဆိုင်ရာ စစ်ပွဲ ဖြစ်လာမှာ ဖြစ်ကြောင်း အီရန်က ပြန်လည် သတိပေးထားပါတယ်။

အမေရိကန်က စစ်သားထောင်ပေါင်းများစွာ စေလွှတ်ထားပြီး လေယာဉ်တင် သင်္ဘောနဲ့ အခြားအကူ သင်္ဘောတွေ အပါအဝင် အရှေ့အလယ်ပိုင်းသို့ ရေတပ်သင်္ဘော အုပ်စုလိုက် စေလွှတ်ထားပါတယ်။

အီရန်က တိုက်ခိုက်ခံရရင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အစ္စရေးကို တိုက်ခိုက်မယ်လို့ ပြောပါတယ်။

အီရန် နိုင်ငံပိုင်မီဒီယာသို့ ပြောကြားရာမှာ ဝန်ကြီး အာရက်ချီက နှစ်နိုင်ငံကြား မယုံကြည်တဲ့ အခြေအနေတွေကို ကျော်လွှားရမယ်လို့ ပြောထားပါတယ်။

နောက်တကျော့ ဖြစ်လာနိုင်တဲ့ ဆွေးနွေးမှု အသေးစိတ်ကို နောက်ပိုင်းမှာ ဆုံးဖြတ်သွားမယ်လို့လည်း သူက ပြောပါတယ်။’

ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်ခဲ့တဲ့ အီရန်နဲ့အမေရိကန် ဆွေးနွေးမှုတွေကို အိုမန် နိုင်ငံခြားရေးဝန်ကြီး ဘဒါ အယ်ဘူဆိုင်ဒီက ကြားဝင် ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

အီရန် ကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး အာရက်ချီက ဦးဆောင်ခဲ့ပြီး အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့ ထရန့်ရဲ့ သမက် ကူရှ်နာတို့က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အီရန်နဲ့ အစ္စရေးကြား စစ်ဖြစ်ပြီးနောက်ပိုင်း ဒါဟာ အမေရိကန်နဲ့ အီရန် အရာရှိတွေ ပါဝင်တဲ့ ပထမဆုံး ဆွေးနွေးမှုတွေ ဖြစ်ပါတယ်။

နောက်ထပ် ဆွေးနွေးဖို့ အလားအလာရှိနေပေမယ့် အဓိက သဘောထား ကွဲလွဲမှုတွေကို မဖြေရှင်းနိုင်သေးတဲ့ အချိန်မှာ သဘောတူညီမှု ရ၊မရဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.