မော်စကိုမှာ ရုရှား ထိပ်တန်းစစ်ဗိုလ်ချုပ် တစ်ဦး လုပ်ကြံခံရ

မော်စကို၊ ဖေဖော်ဝါရီ ၇

ရုရှား စစ်တပ်က လူသိထင်ရှား ဗိုလ်ချုပ် တစ်ဦး မော်စကိုမြို့မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

မြို့တော် အနောက်ဖက် ဆင်ခြေဖုံးအရပ်ရှိ လူနေတိုက်တန်း တစ်ခုမှာ တိုက်ခိုက်ခံရပြီးနောက် အသက် ၆၄ နှစ်အရွယ် ဒုဗိုလ်ချုပ် ဗလာဒီမာ အလက်ဆီယေ့ဗ်ကို ဆေးရုံတင်ပို့ထားပြီး အခြေအနေ ပြင်းထန်တယ်လို့ ယုံကြည်ရပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သေနတ်သမား ထွက်ပြေးသွားပါတယ်။

အလက်ဆီယေ့ဗ်ဟာ ရုရှား စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး GRU ရဲ့ အဓိက ညွှန်ကြားရေးဌာနက နံပါတ် ၂ အဆင့်ရှိတဲ့ အရာရှိ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက ယူကရိန်းကို ရုရှားက အင်အားအပြည့်နဲ့ ကျူးကျော် တိုက်ခိုက်မှု စတင်ပြီး နောက်ပိုင်း မော်စကိုမြို့အနီးမှာ ဒါမှမဟုတ် မြို့ထဲမှာ ပစ်မှတ်ထားခံရတဲ့ ရာထူး မြင့်မားတဲ့ စစ်ဖက်ဆိုင်ရာ နောက်ဆုံး အရာရှိ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက် ဖြစ်ကြောင်း အခုထိ ပြောဆိုထားတာ မရှိသေးပေမယ့် ရုရှား အကြီးတန်းစစ်ဖက်ဆိုင်ရာ အရာရှိတွေက ချက်ချင်းဆိုသလို ယူကရိန်းကို အပြစ်တင်ပြီး စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းမှုတွေ လမ်းချော်သွားအောင် ကြိုးပမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပစ်ခတ်ခံရသူကို မော်စကိုရှိ ဆေးရုံတစ်ရုံသို့ တင်ပို့ထားပြီး လူသတ်မှု ကြိုးပမ်းတဲ့အတွက် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်နေတယ်လို့ ရုရှား စုံစမ်း စစ်ဆေးရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဆဗီထရာနာ ပီထရန်ကိုက ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက ဗိုလိုကိုလမ့်ချ် အဝေးပြေးလမ်းမမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွက် သဲလွန်စ ရှာဖွေရေး စုံစမ်းစစ်ဆေးသူတွေက CCTV မှတ်တမ်းတွေကို စစ်ဆေးနေပြီး မျက်မြင် သက်သေတွေကို လိုက်ရှာနေပါတယ်။

သေနတ်ပစ်သံတွေကြောင့် လန့်နိုးလာပြီးနောက် အိမ်နီးချင်း တစ်ယောက်က အော်ဟစ် အကူအညီ တောင်းသံကို ကြားခဲ့ရကြောင်း အလက်ဆီယေ့ဗ်ရဲ့ အိမ်နီးချင်း တစ်ယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အလက်ဆီယေ့ဗ်ဟာ ယူကရိန်း စစ်ပွဲအတွင်း အရေးပါတဲ့ နေရာက ပါဝင်ခဲ့ပြီး ၂၀၂၂ က မာရီယိုပူးလ်မြို့ကို ရုရှား သိမ်းပိုက်မှုအတွင်း ယူကရိန်းနဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်မှာ မော်စကိုရဲ့ စစ်ရေးအရ ကြားဝင်ပါမှုအတွင်း သူပါဝင်ခဲ့တဲ့ အခန်းကဏ္ဍအတွက် စောစောပိုင်းက ရုရှား သူရဲကောင်းဆု ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ ဆာလစ်ဘူရီမှာ ၂၀၁၈ ခုနှစ်မှာ အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်မှု နောက်ကွယ်က ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အလက်ဆီယေ့ဗ်ကို အီးယူနဲ့ ဗြိတိန်က ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

သူဟာ ၂၀၂၃ ဇွန်လက ခေတ္တတပ်တွင်း ပုန်ကန်မှု ပြုလုပ်ခဲ့တဲ့ ဝါဂနာ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ပရီဂိုဇင်နဲ့ ညှိနှိုင်းဖို့ စေလွှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ပစ်ခတ် တိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူ ပါဝင်နေသလဲ ဆိုတာ မသိရသေးပေမယ့် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့က ယူကရိန်းကို အပြစ်တင်ထားပါတယ်။

ဒီအကြမ်းဖက်တဲ့ လုပ်ရပ်ဟာ စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းမှုတွေကို လမ်းချော်သွားအောင် လုပ်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ လက်ဗရော့က ပြောပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ သမ္မတ ဗလာဒီမာ ပူတင်ကို ရှင်းပြထားတယ်လို့ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြောပါတယ်။

ယူကရိန်းက မှတ်ချက် မပေးသေးပေမယ့် အရင်က ရုရှား ဗိုလ်ချုပ်တွေ လုပ်ကြံခံရတာဟာ သူတို့ လက်ချက်လို့ ဝန်ခံခဲ့ဖူးပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.