ဆိုးလ်၊ ဖေဖော်ဝါရီ ၇
တောင်ကိုရီးယား ဒီဂျစ်တယ် ငွေကြေး လဲလှယ်ရေးလုပ်ငန်း Bithumb က ဖောက်သည်တွေဆီ အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံ တန်ဖိုးရှိ bitcoin တွေကို မတော်တဆ လွှဲပေးခဲ့မိကြောင်း ဖေဖော်ဝါရီ ၇ ရက်မှာ ပြောလိုက်ပါတယ်။
ရောင်းအား မြှင့်တင်ရေး ဆုကြေးအဖြစ် အဲဒီလို မတော်တဆ လွှဲပို့မိခဲ့ပြီးနောက် ငွေလဲလှယ်ရေး ဈေးကွက်မှာ ပြန်ထုတ်ရောင်းမှုတွေ သိသိသာသာ မြင့်တက်သွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီ မှားယွင်းမှုအတွက် Bithumb က ပြန်တောင်းပန်ထားပြီး လွှဲပေးလိုက်တဲ့ bitcoin ၆၂၀၀၀၀ ထဲက ၉၉ ဒသမ ၇ ရာခိုင်နှုန်းကို ပြန်လည် ရယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီ bitcoin တွေရဲ့ တန်ဖိုးဟာ လက်ရှိ ပေါက်ဈေးအရ အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံ အထိ တန်ဖိုးရှိပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က မှားယွင်း လွှဲပို့ခဲ့ပြီးနောက် ၃၅ မိနစ်အတွင်း သက်ဆိုင်ရာ ဖောက်သည် ၆၉၅ ဦးနဲ့ အရောင်းအဝယ် လုပ်ခွင့် ငွေထုတ်ယူခွင့်တွေကို Bithumb က တားမြစ်ခဲ့ပါတယ်။

အရောင်းမြှင့်တင်ရေး အခမ်းအနားအဖြစ် ဖောက်သည် တစ်ယောက်စီကို ကိုရီးယား ဝမ်ငွေ ၂၀၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၃၄)လောက်ပဲ ပေးဝေဖို့ ကနဦး စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆုကြေးရသူတွေဟာ ကိုရီးယား ဝမ် ၂၀၀၀ အစား bitcoin ၂၀၀၀ စီ လက်ခံ ရရှိခဲ့ကြတယ်လို့ တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်ဟာ ကွန်ပြူတာစနစ် ချိုးဖောက်ခံရတာနဲ့ လုံခြုံရေး ကျိုးပေါက်မှုကြောင့် မဟုတ်ဘူးလို့ Bithumbက ရှင်းပြထားပါတယ်။
အဲဒီလို ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက bitcoin တန်ဖိုး ခေတ္တ လျော့ကျမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
တောင်ကိုရီးယား ဒီဂျစ်တယ် ငွေကြေး ဈေးကွက်မှာ Bithumb ကုမ္ပဏီဟာ Upbit ကုမ္ပဏီ နောက်က လိုက်နေတဲ့ ထိပ်သီးကုမ္ပဏီ ဖြစ်ပါတယ်။
Ref:Reuters

