မော်လမြိုင် ၊ ဇန်နဝါရီ ၈

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့မှာ ရွေးကောက်ပွဲပြီးနောက် စစ်ကော်မရှင် ပြန်လည်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးရဖို့အတွက် အခုကတည်းက ငွေပေးလိုက်နေကြတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ သူတို့ ကျင်းပနေတဲ့ ရွေးကောက်ပွဲပြီးတဲ့နောက် အစိုးရသစ်ဖွဲ့စည်းပြီးပါက သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်သွားဖို့ ရှိနေပါတယ်။

အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်ဖို့ ရှိနေတာကြောင့် ရွေးကောက်ပွဲ မပြီးခင်ကတည်းက အုပ် ချုပ်ရေးမှူး ရာထူးရဖို့ အတွက် မြို့နယ်၊ ခရိုင်နဲ့ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူအဆင့်ဆင့်ကို လာဘ်ငွေပေးတာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကတော့ အသစ်ပြန်ရွေးမယ့် အုပ်ချုပ်ရေးမှူး ရာထူးအတွက် လိုက်နေတဲ့ သူတွေဟာ ရာထူးထက် လုပ်ပိုင်ခွင့်ရဖို့အတွက်သာ လိုက်နေကြတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရွေးကောက်ပွဲပြီးရင် အရင်လို အုပ်ချုပ်ရေးမှူးတွေကို အသစ်ပြန်ရွေးရမှာလေ။အခုလိုက်နေတာက အုပ်ချုပ်ရေးမှူး ရာထူးထက် လုပ်ပိုင်ခွင့်ပေါ့နော်။ အရင်က အုပ်ချုပ်ရေးမှူးတွေက ဘာမှဩဇာ သိပ်မရှိပေမယ့် စစ်တပ်လက်ထက်မှာတော့ သူတို့က လုပ်ပိုင်ခွင့် အများကြီးရကြတာ။ ဧည့်စာရင်း တိုင်လည်း သူတို့ ပိုက်ဆံရ ထောက်ခံစာဆိုလည်း သူတို့ ပိုက်ဆံရ အဓိကကတော့ အခု ရာထူးရဖို့အတွက် လိုက်တဲ့ပိုက်ဆံက ရပ်ကွက်မှာ လောင်းကစားဝိုင်း ပွဲတစ်ခါသွင်းတာနဲ့ ပြန်ကြေတာပဲ”လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ရာထူးအတွက် လိုက်နေသူတွေဟာ ထွေအုပ်တာဝန်ရှိသူအဆင့်ဆင့်ကို ကျပ်သိန်းဆယ်ချီကနေ ရာဂဏန်းထိ ပေးကာ လိုက်နေတာ ဖြစ်ပြီး အုပ်ချုပ်ရေးမှူး ရာထူးရမရကိုတော့ အာမခံပေးတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

၂၀၁၆ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ အုပ်ချုပ်ရေးမှူးရဲ့ ရာထူး သက်တမ်းဟာ သာမန်အားဖြင့် နိုင်ငံတော် သမ္မတရဲ့ ရာထူးသက်တမ်းအတိုင်း ဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။

အုပ်ချုပ်ရေးမှူးတွေဟာ နိုင်ငံတော် သမ္မတရဲ့ သက်တမ်းသစ်ကာလမှာ ရပ်ကွက် သိုမဟုတ် ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်တာဝန်ပေးပြီးတဲ့အချိန်အထိ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပြီး လုပ်ငန်းတာဝန်တွေကို စနစ်တကျလွှဲပြောင်း ပေးရမယ်လို့ ဥပ‌ဒေမှာ ပါရှိပါတယ်။

မော်လမြိုင်မြို့ မှာတော့ စစ်တပ်အာဏာသိမ်း ပြီးနောက် အုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်တာ၊ အာဏာသိမ်းမှုကို လက်မခံတဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကော်မရှင်က ဖမ်းဆီး ထောင်ချတာတွေအပြင် အုပ်ချုပ်ရေးမှူးတွေကို သူတို့နဲ့ နီးစပ်သူတွေကိုသာ ခန့်အပ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.