ထားဝယ်၊ ဇန်နဝါရီ ၈

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ သင်္ကန်းတုံးကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခု သိမ်းပိုက်ခံလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ သင်္ကန်းတုန်းကျေးရွာအနီးရှိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတစ်ခုကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အချိန်တစ်နာရီနီးပါးအကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန် ရေး တပ်ဖွဲ့တွေဘက်က စခန်းဆုတ်ခွာပေးခဲ့ရသလို ရဲဘော်တစ်ဦးလည်း မစိုးရိမ်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံခဲ့ရတယ်လို့ သံမဏိပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင် လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သင်္ကန်းတုန်းကျေးရွာအနီးရှိ KNU/PDF စခန်း တိုက်ပွဲမှာ PDF ရဲဘော်အလောင်း ၄ လောင်းနဲ့ လက်နက် ၁၁ လက် သိမ်းဆည်းရမိခဲ့ပြီး အဲဒီစခန်းကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရေးသားဖြန့်ဝေထားပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထားဝယ်အရှေ့တောဒေသ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သေဆုံးတာ မရှိဘူးလို ငြင်းဆိုထားပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ သင်္ကန်းတုန်းကျေးရွာအနီးပတ်ဝန်းကျင်ကနေ ပြန်လည်ဆုတ်ခွာသွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.