ဘားအံ၊ ဇန်နဝါရီ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရွေးကောက်ပွဲ အနိုင်ရတယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။
စစ်ကော်မရှင်ခန့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ ဘားအံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ပြိုင်ဘက်ပါတီတွေကို မဲရလဒ် အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

ဘားအံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကိုယ်စားလှယ်လောင်း ခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ဦးစောမြင့်ဦးက ခိုင်လုံမဲ ၄၀၀၀၀ ကျော်နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ဦးစောမြင့်ဦးဟာ ဒုတိယ မဲအများဆုံးရရှိတဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း စောမင်းမင်းမြိုင်ကို ကြိုတင်မဲ ၈၀၀၀ ကျော်နဲ့ အနိုင်ရရှိခဲ့တာပါ။

အငြိမ်းစား ဗိုလ်မှူးချုပ်တစ်ဦး ဖြစ်တဲ့ ဦးစောမြင့်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဖာပွန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး NLD အစိုးရလက်ထက်မှာ ပြည်နယ်စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
အဲဒီနောက် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်ခန့် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအပြင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ပါ တာဝန်ထမ်းဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်

