ဘားအံ ဩဂုတ် ၁၉

ကော်သူးလေဒေသအတွင်း ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အသွင်ပြောင်း စစ်အစိုးရရဲ့ ပထမဆုံး ရက်ပေါင်း ၁၀၀ ကာလအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုနဲ့ နေအိမ်၊ အရပ်ဘက်အဆောက်အအုံတွေ ပျက်စီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ ဒီနေ့ ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်တဲ့ကရင်အမျိုးသားအစည်းအရုံး KNU လူ့အခွင့်အရေးကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်ကနေ ဇူလိုင် ၂၈ ရက်အထိ ကော်သူးလေဒေသတဝန်း စစ်တပ်နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲ အကြိမ်ရေ ၅၃၆ ကြိမ် မှတ်တမ်းတင်ထားပြီး တစ်ရက်ကို ပျမ်းမျှ တိုက်ပွဲ ၅ ကြိမ်ကျော် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲမှာ မေလအတွင်း တိုက်ပွဲ ၂၄၃ ကြိမ်ဖြစ်ပွားခဲ့ပြီး မှတ်တမ်းတင်ထားတဲ့ကာလအတွင်း တိုက်ပွဲအများဆုံးလ ဖြစ်ခဲ့ပါတယ်။

အရပ်သားထိခိုက်မှုနဲ့ ပတ်သက်ပြီး အစီရင်ခံစာမှာ အရပ်သား ၄၄ ဦး သေဆုံးပြီး ၃၄ ဦး ဖမ်းဆီးခံခဲ့ရသလို နေအိမ် ၃၆၈ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၈ ကျောင်း၊ ဆေးရုံ ၅ ခု၊ ခရစ်ယာန်ဘုရားကျောင်း ၂ ခုနဲ့ ဆေးခန်း ၁ ခု ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်တမ်းတင်ထားတဲ့ အဓိကချိုးဖောက်မှုတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုက ၄၇ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုက ၂၆ ရာခိုင်နှုန်း၊ ဒရုန်းတိုက်ခိုက်မှုက ၂၁ ရာခိုင်နှုန်း ရှိပါတယ်။ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု နှစ်မျိုးပေါင်းရင် စုစုပေါင်းဖြစ်စဉ်တွေရဲ့ ၆၈ ရာခိုင်နှုန်းရှိပြီး လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်မှု သုံးမျိုးပေါင်းရင် ၉၄ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၄ ဦး သေဆုံးကာ ၅၈ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၈၄ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ဆေးရုံ ၅ ခုနဲ့ ဘုရားကျောင်း ၂ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လည်း အရပ်သား ၁၂ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၃၂ လုံး၊ စာသင်ကျောင်းတစ်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်က ကျေးရွာတွေထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တွေမှာ နေအိမ် ၂၂ လုံး၊ စာသင်ကျောင်း တစ်ကျောင်းနဲ့ ဘုရားကျောင်းတစ်ခု ပျက်စီးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကလေးသူငယ်တွေအပေါ် ထိခိုက်မှုနဲ့ပတ်သက်ပြီးလည်း ဖြစ်စဉ် ၁၄ ခုအတွင်း ကလေး ၁၉ ဦး ထိခိုက်ခဲ့ပြီး ၈ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေထဲမှာ ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပါဝင်ခဲ့ပါတယ်။

အစီရင်ခံစာအရ ဒီကိန်းဂဏန်းတွေဟာ ကော်သူးလေဒေသအတွင်း မှတ်တမ်းတင်နိုင်ခဲ့တဲ့ အနည်းဆုံးဖြစ်စဉ်အရေအတွက်သာ ဖြစ်ပြီး လုံခြုံရေးအခြေအနေကြောင့် တချို့ဒေသတွေကို မရောက်နိုင်တာနဲ့ အချက်အလက်မလုံလောက်တဲ့ ဖြစ်စဉ်တွေကို ထည့်သွင်းမထားတာကြောင့် အမှန်တကယ်ထိခိုက်မှုက ဒီထက်ပိုများနိုင်တယ်လို့လည်း အစီရင်ခံစာက သတိပေးထားပါတယ်။

ဒါ့အပြင် အစီရင်ခံစာပါ ဥပဒေကြောင်းဆိုင်ရာ သတ်မှတ်ချက်တွေဟာ ပဏာမသုံးသပ်ချက်သာဖြစ်ပြီး တရားရုံးဆုံးဖြတ်ချက် မဟုတ်ကြောင်း ဖော်ပြထားပါတယ်။

KNU လူ့အခွင့်အရေးကော်မတီကတော့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရပ်သားတွေကို တိုက်ခိုက်မှုတွေ ရပ်တန့်စေရေး၊ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးရေးနဲ့ စစ်ဘက်ဆိုင်ရာ လေယာဉ်၊ ဒရုန်း၊ လောင်စာနဲ့ တခြားထောက်ပံ့မှုတွေကို ကန့်သတ်ရေးတို့ ဆောင်ရွက်ဖို့ အကြံပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.