ကျိုက်ထို၊ ဩဂုတ် ၁၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က စစ်ဆေးရေးဂိတ် ၅ ခုထက်မနည်း ထပ်မံဖွင့်လှစ်ဖို့ တည်ဆောက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ဩဂုတ်လဆန်းပိုင်းကစလို့ မုပ္ပလင်၊ ကျွန်းတော၊ သရက်ကုန်းကျေးရွာနဲ့ စိမ်းလဲ့တင်အရှေ့တို့မှာ စစ်ဆေးရေးဂိတ်တွေ ထပ်မံဖွင့်လှစ်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာပါ။

အသစ်တည်ဆောက်နေတဲ့ စစ်ဆေးရေးဂိတ်တွေထဲမှာ စိမ်းလဲ့တင်အပန်းဖြေစခန်းအရှေ့မှာဆိုရင် မုပ္ပလင်စစ်ဆေးရေးဂိတ်ကြီးလို ဘန်ကာတွေနဲ့ အခိုင်အမာ တည်ဆောက်နေတယ်လို့ ဆိုပါတယ်။

စစ်ဆေးရေးဂိတ် ထပ်ဖွင့်မယ့် ဒီအစီအစဉ်ဟာ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် အမိန့်နဲ့ လုပ်ဆောင်နေတာလို့ စုံစမ်းသိရှိရပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရဘက်ကတော့ ဒီစစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ရတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်း မဝင်ရောက်နိုင်အောင် ကြိုတင်ကာကွယ်တာလို့ အကြောင်းပြထားပါတယ်။

ဒေသခံတွေကတော့ ဒီစစ်ဆေးရေးဂိတ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရန်ကို ကာကွယ်ဖို့ထက် ခရီးသွားပြည်သူတွေနဲ့ ကုန်သည်တွေဆီကနေ ဖမ်းဆီးငွေညှစ်ဖို့သာ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။

မွန်ပြည်နယ် သထုံခရိုင်ရဲ့ ရန်ကုန် – မော်လမြိုင်လမ်းပိုင်းမှာ စစ်ဆေးရေးဂိတ်ပေါင်း ၄၀ ထက်မနည်း ရှိနေပြီး အဲဒီစစ်ဆေးရေးဂိတ်တွေကနေ စစ်တပ်နဲ့ပူးပေါင်းအဖွဲ့က လစဉ် သိန်းထောင်နဲ့ချီ ဝင်ငွေရရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.