မြဝတီ၊ ဩဂုတ် ၁၉
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ လိင်လုပ်ငန်းတစ်ခုမှာ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီး လိင်လုပ်သား ၃၂ ဦးဟာ ထောင်ဒဏ် သုံးနှစ်စီ အမိန့်ချမှတ်ခံလိုက်ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ လိင်လုပ်ငန်းနေရာတစ်ခုကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီးနောက် လိင်လုပ်ငန်းက အမျိုးသား လေးဦးနဲ့ အမျိုးသမီး လိင်လုပ်သား ၃၂ ဦးကို ဖမ်းဆီးသွားတာပါ။
အဲဒီနောက် သြဂုတ် ၁၇ ရက်နေ့မှာတော့ မြဝတီမြို့နယ် တရားရုံးကနေ လိင်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသား လေးဦးကို ထောင်ဒဏ် ငါးနှစ်စီ၊ အမျိုးသမီး လိင်လုပ်သား ၃၂ ဦးကို ထောင်ဒဏ် သုံးနှစ်စီ အမိန့်ချမှတ်ခဲ့ပါတယ်။
မြို့ခံတွေကတော့ ဒီဖမ်းဆီးထောင်ချမှုဟာ စစ်အုပ်စုက စံပြအနေနဲ့ လုပ်ဆောင်တာ ဖြစ်ပြီး မြဝတီမြို့မှာ လိင်လုပ်ငန်းရုံ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။
ဒီဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့က ကျင်းပတဲ့ ကရင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ မြဝတီမြို့မှာ HIV ကူးစက်မှုမြင့်တက်လာတာကြောင့် ပြည်တန်ဆာရုံတွေကို ပိတ်သိမ်းဖို့ ရှိ မရှိ မေးခွန်းမေးမြန်းပြီးနောက် အဖမ်းပြခဲ့တာ ဖြစ်ပါတယ်။
မြဝတီမြို့မှာ တရားမဝင် လောင်းကစားရုံ၊ ပြည်တန်ဆာရုံတွေဟာ ရဲ၊ စစ်တပ်၊ နယ်ခြားစောင့်တပ် BGF အပါအဝင် လက်နက်ကိုင်အဖွဲ့ပေါင်းစုံကို ငွေပေးပြီး ဖွင့်လှစ်ထားကြတာပါ။
အခု ဖမ်းဆီးခံရသူတွေထဲမှာ ပြည်တန်ဆာရုံ ဖွင့်လှစ်ထားသူတွေ မပါဝင်ဘဲ အလုပ်သမားတွေနဲ့ အမျိုးသမီး လိင်လုပ်သားတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြဝတီမြို့မှာ ပြည်တန်ဆာရုံ ၆၀ နီးပါး၊ အနှိပ်ခန်း ၄၀ ကျော်နဲ့ KTV ဆိုင် ၁၆ ဆိုင်ထက်မနည်း ရှိပြီး အဲဒီနေရာအားလုံးကို မြဝတီမြို့တာဝန်ကျ ရဲ၊ တပ်နဲ့လက်နက်ကိုင်အဖွဲ့ဝင်တွေ အများဆုံး သွားလာပျော်ပါးနေကြတဲ နေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

