ကျိုက်ထို ဩဂုတ် ၂၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဇီးပြောင်း ၅ ကျေးရွာရှိ စာသင်ကျောင်းအနီး ဘောလုံးကွင်းထဲ ဒီနေ့ ဩဂုတ် ၁၉ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးကျပြီး ကလေး ၃ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဩဂုတ် ၁၉ ရက် မနက် ၁၁ နာရီခန့်မှာ သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ တပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ စာသင်ကျောင်းအနီး ဘောလုံးကွင်းထဲကိုကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
မူလတန်းကလေးတွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန်နေချိန် လက်နက်ကြီးကျခဲ့တာဖြစ်ပြီး ဘေးနားမှာရပ်ကြည့်နေတဲ့ ကျောင်းသားတွေပါ ထိခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်နက်ကြီးထိမှန်လို့ အသက် ၅ နှစ်အရွယ် KG ကျောင်းသားလေး ၁ ဦး နေရာမှာပင် သေဆုံးသွားပြီး တခြား KG ကနေ G4 အထိ ကျောင်းသားကျောင်းသူ ၁၁ ဦး ဒဏ်ရာရသွားပါတယ်။
ဒဏ်ရာရသူတွေထဲက ၆ ဦးဟာ စိုးရိမ်ရပြီး ထိခိုက်ဒဏ်ရာရသူ အားလုံးကို သိမ်ဇရပ် တိုက်နယ်ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသနေကြရတယ်လို့ သိရပါတယ်။
ဆေးရုံကိုရောက်ချိန်မှာ သေဆုံးတဲ့ကလေးငယ် ၂ ဦးထပ်တိုးလာလို့ သေဆုံးသူ ၃ ဦးအထိ ရှိလာခဲ့ပါတယ်။
ဇီးပြောင်း ၅ ကျေးရွာဟာ KNU တပ်မဟာ ၁ စိုးမိုးနယ်မြေထဲက ကျေးရွာတရွာဖြစ်ပြီး အာဏာသိမ်း စစ်တပ်ဘက်က KNU စိုးမိုးနယ်မြေအတွင်း ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ချောင်းစောင့်ကျေးရွာလမ်းဆုံမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဒေသခံတွေ ရှိနေချိန် လေကြောင်းကနေ ဗုံးကြဲခံရလို့ PDF တွေနဲ့ ပြည်သူတွေပါ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

