မော်လမြိုင်၊ ဩဂုတ် ၂၀
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပြီး ၄ လကျော်ကာလအထိ စည်ပင် ဝန်ဆောင်မှုတွေဟာ ညံ့ဖျင်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲ လုပ်ပြီးနောက် လွှတ်တော်ကို ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့က စတင် ခေါ်ယူကာ ဧပြီ ၇ ရက်နေ့အထိ ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာ ဌာနဝန်ကြီးတွေကိုပါ ရွေးချယ်ခဲ့တာပါ။
အခုလို စစ်တပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ခဲ့ပေမယ့် ရက် ၁၀၀ စီမံချက် အပါအဝင် လက်ရှိအချိန်ထိ မွန်ပြည်နယ် စည်ပင်သာယာရေးဌာနရဲ့ ဝန်ဆောင်မှုဟာ ညံ့ဖျင်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိ စည်ပင် ဝန်ဆောင်မှုတွေ ဖြစ်တဲ့ လမ်းပျက်စီးမှုတွေကို ပြင်ဆင်ပေးမှု မရှိတာ၊ အမှိုက်သိမ်း ကားတွေ ရပ်ကွက်နဲ့ ကျေးရွာတွေအတွင်း ပုံမှန် သိမ်းဆည်း ပေးတာ မရှိတာအပြင် ရေစီးရေလာ ကောင်းအောင် မြောင်းတွေကို ရှင်းလင်းပေးတာတွေက အစ လုပ်ဆောင်ပေးတာမရှိဘူးလို့ သိရပါတယ်။
ဒေသခံ တစ်ဦးကတော့ လက်ရှိ စည်ပင်ဌာနဟာ အခွန် အမျိုးမျိုး ကောက်ခံနေပေမယ့် စည်ပင် ဝန်ဆောင်မှု ဖြစ်တဲ့ လမ်းပျက်စီးနေတာတွေက အစ ပြင်ဆင် ပေးတာ မရှိသလို ကိုယ်ထူကိုယ်ထသာ လုပ်ဆောင် နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စည်ပင်ကတော့ဟို လမ်းတော့ မပြင်ဆင်ဘူးပေါ့နော်။ ဒါပေမယ့် စည်ပင်ခွန်တို့ စည်ပင်ကြေးတို့ မော်တော်ဆိုင်ကယ်ဆိုလည်း ဘီးခွန် စည်ပင်ခွန် အကုန်လုံး ကောက်နေတာပဲပေါ့နော်၊ အခု လမ်းတွေ ပျက်နေတာ တော်တော် ရုပ်ဆိုးတယ်၊ လမ်းတော်တော် များများက ပျက်စီးကုန်ပြီ။ ပျက်စီးကုန်ပြီးတော့လည်း ဘယ်သူမှ မလုပ်ပေးဘူး၊ တချို့ တချို့ကလည်း ကိုယ်ထူကိုယ်ထလေး လုပ်လိုက်တာ ရှိတယ်၊ အဲဒီ လုပ်တဲ့ဟာလည်း ခဏပပေါ့နော်။ နည်းစနစ် မမှန်တာလည်း ပါတယ်ပေါ့နော်၊ စည်ပင်က အခုက ဘာတစ်ခုမှ မလုပ်ဘူးပေါ့နော်” လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ လမ်းတွေ ပျက်စီးနေတဲ့အပေါ် စည်ပင်ဌာနက မလုပ်ဆောင်ပေးတဲ့အတွက် ဒေသခံတွေက တစ်နိုင်တစ်ပိုင် လုပ်ဆောင်ပေးနေရတာကြောင့် မကြာခဏ လမ်းပျက်စီးမှုတွေ ဖြစ်ပေါ် နေပြီး ယာဉ်အန္တရာယ်တွေနဲ့ပါ ကြုံတွေ့ နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသခံ နောက်တစ်ဦးကတော့ လက်ရှိ မိုးရာသီကာလမှာ စည်ပင်ဌာနက လမ်းတွေကို ပြင်ဆင်မှု မပေးတဲ့အတွက် လမ်းပျက်စီးမှုတွေ များနေပြီး တချို့ဆို လမ်းပျက်စီးမှုကြောင့် ထိခိုက် ဒဏ်ရာရတာတွေကိုပါ ကြုံတွေ့ နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မနေ့ တစ်နေ့ ကတောင် ဟိုမှာ မိုးရွာလိုက်တော့ ချိုင့်ကြီးက ကြီးနေတယ်၊ ပြီးရင်တော့ ချိုင့်က ရေရှိတဲ့ အခါကျတော့ ချိုင့်မှန်း မသိတော့ အသက်ကြီးပိုင်း လင်မယား နှစ်ယောက် ဆိုင်ကယ် စီးလာတယ်၊ စီးလာတဲ့အခါ ဒီချိုင့်က ရိုးရိုးရေတင်တယ်လောက်ဘဲ ထင်ပြီးတော့ မောင်းချလိုက်တာ နည်းနည်း အရှိန်လည်း ပါတော့ ချိုင့်ထဲ တအားကျတဲ့အခါကျတော့ ပို့ဆို့ပက်စက်ကို လဲတယ်လေ၊ လဲတဲ့ အခါကျတော့ ပွန်းတယ် ပဲ့တယ်၊ ဒဏ်ရာတွေ ရတာပေါ့” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မိုးရာသီ ဖြစ်တာကြောင့် စည်ပင် ဝန်ဆောင်မှု ဖြစ်တဲ့ ယာဉ်အန္တရာယ် မဖြစ်ပေါ်ဖို့ လမ်းပျက်စီးတာကို ပြင်ဆင်ပေးတာ၊ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းရောဂါ မဖြစ်အောင် ခြင်ယင်တွေ ခိုအောင်းနေနိုင်တဲ့ အမှိုက်တွေ ပုံမှန် သိမ်းဆည်းပေးဖို့ ဒေသခံတွေက လိုလားနေကြတာ ဖြစ်ပါတယ်။
အရင် NLD အစိုးရ လက်ထက်မှာတော့ ဒေသတွင်းက စည်ပင် ဝန်ဆောင်မှု ဖြစ်တဲ့ လမ်းပျက်စီးပါက နိုင်လွန်ကတ္တရာ ခင်းပေးတာ၊ ကွန်ကရစ်လမ်းတွေ ခင်းပေးတာအပြင် အမှိုက်သိမ်း လုပ်ငန်းအတွက် အမှိုက်ကားတွေ တိုးချဲ့ ဝယ်ယူတာတွေက အစ လုပ်ဆောင်ပေးခဲ့တာပါ။
မွန်ပြည်နယ်မှာတော့ စစ် အာဏာသိမ်းကာလကနေ လက်ရှိ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ လက်ထက်ထိ စည်ပင်သာယာရေး ဌာနရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို အခကြေးငွေ ပေးမှသာ လုပ်ဆောင်ပေးတော့သလို တိုင်ကြားပါကလည်း အရေးတယူ ဆောင်ရွက်ပေးတာ မရှိဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

