မော်စကို ၊ ဩဂုတ် ၂၀

လွန်ခဲ့တဲ့နှစ်တွေကစပြီး မြန်မာ-ရုရှား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အနီးကပ်ဆုံးနဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီလို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကနေ အရပ်သားအသွင်ပြောင်း ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

သမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်နဲ့ ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ ဦးမင်းအောင်လှိုင်က ဩဂုတ် ၁၈ ရက်နေ့မှာ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွေနဲ့ အပြန်အလှန် ပြောကြားချက်တွေမှာ ပြောဆိုခဲ့တာပါ။

ခေါင်းဆောင်တွေအကြား မကြာခဏ တွေ့ဆုံဆွေးနွေးမှုဟာ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့ အဓိကတွန်းအားတစ်ရပ် ဖြစ်ပြီး ဒီကနေ့ တွေ့ဆုံမှုဟာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်နေတဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားဖို့ အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ဖယ်ကျဉ်မှုတွေနဲ့အတူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရတဲ့ စစ်အုပ်စုကို ရုရှားနိုင်ငံက အရေးတယူ ဆက်ဆံခဲ့ပြီး ကဏ္ဍအစုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာခဲ့တာပါ။

Justice For Myanmar က မင်းအောင်လှိုင်နဲ့ ပူတင်ဟာ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ စစ်ရာဇဝတ်ကောင်တွေဖြစ်ပြီး သူတို့နှစ်ဦးစလုံးဟာ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုကြီးတွေကို ကျူးလွန်နေကြတယ်လို့ ဆိုပါတယ်။

ရုရှားဟာ စစ်အုပ်စုကို တိုက်လေယာဉ်တွေ အပါအဝင် အဓိက လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှားရဲ့ ပံ့ပိုးမှုတွေနဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနေတယ်လို့ ဩဂုတ် ၁၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရ ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၉၈၂ ဦး သေဆုံးခဲ့ပြီး ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဦးမင်း‌အောင်လှိုင်ကတော့ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ရုရှားနိုင်ငံရဲ့ အားပေးထောက်ခံမှု များစွာပါဝင်လို့ ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံရဲ့ အရှေ့တောင်အာရှမှာ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံအဖြစ် အမြဲတည်ရှိနေမှာဖြစ်ကြောင်း သမ္မတ ပူတင်နဲ့ တွေ့ဆုံမှုအတွင်း ပြောဆိုခဲ့တာပါ။

နှစ်နိုင်ငံအနေနဲ့ ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနဲ့နည်းပညာ၊ အာကာသနည်းပညာ၊ ကျန်းမာရေးနဲ့ ခရီးသွားကဏ္ဍအပါအဝင် နယ်ပယ်ပေါင်းစုံမှာ ဆက်လက်ပူးပေါင်းသွားမယ့် အလားအလာတွေကိုလည်း ဆွေးနွေးနိုင်ခဲ့တယ်လို့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

အခုခရီးစဉ်အတွင်း သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၁၂ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နောက်ထပ်လည်း ကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွေ ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သူက အသိပေးထားတာပါ။

ဒါ့အပြင် မြန်မာနဲ့ ရုရှားဟာ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ အပြန်အလှန် ရပ်တည်ထောက်ခံပေးကြတဲ့ နိုင်ငံတွေ ဖြစ်ကြသလို နောင်အနာဂတ်မှာလည်း နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးသဘောတူခဲ့ကြတယ်လို့ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။

သမ္မတ ပူတင်ကတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ စွမ်းအင်ကဏ္ဍဟာ အရေးကြီးပြီး မြန်မာနိုင်ငံမှာ ကျောက်မီးသွေးစက်ရုံ၊ ရေနံချက်စက်ရုံ စီမံကိန်းတွေ ရှိတဲ့အပြင် သယံဇာတရှာဖွေရေး၊ ကမ်းလွန်နဲ့ ရေနံဓာတ်ငွေ့တူးဖော်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို ရုရှားက ဓာတ်ငွေ့ရည် LNG တင်ပို့ဖို့ အလားအလာ များစွာရှိပြီး အရင်နှစ်က မြန်မာနိုင်ငံမှာ အဏုမြူ ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ စီမံကိန်းဟာ နှစ်နိုင်ငံအတွက် အဓိက စီမံကိန်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတောင်ပိုင်းမှာလည်း ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မှုစီမံကိန်းကို ဆွေးနွေးနေသလို High-Tech နယ်ပယ်မှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားကုမ္ပဏီတွေရဲ့ အဆိုပြုချက်တွေ အများအပြား ရှိတယ်လို့ ပြောကြားခဲ့တာပါ။

နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်တွေနဲ့ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့တဲ့ ကဏ္ဍတွေထဲမှာ လျှပ်စစ်စွမ်းအား၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ရေဒီယိုအီလက်ထရောနစ်လုပ်ငန်းနဲ့ ဒီဂျစ်တယ်နည်းပညာနယ်ပယ်တွေလည်း ပါဝင်ပါတယ်။

ယဉ်ကျေးမှုနဲ့ အနုပညာနယ်ပယ် အပါအဝင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ၊ အာကာသဆိုင်ရာ လမ်းညွှန်မှုစနစ်၊ ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေးစနစ်နဲ့ အလိုအလျောက်သတိပေးစနစ် စတဲ့ နယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာအာကာသအေဂျင်စီအနေနဲ့ Plekhanov Russian University of Economics နဲ့ Bauman Moscow State Technical University တို့အကြား တစ်ခုချင်းစီ နားလည်မှုစာချွန်လွှာတွေ ရေးထိုးခဲ့ကြတယ်လို့ စစ်တပ်အသွင်ပြောင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.