နေပြည်တော် ၊ ဇန်နဝါရီ ၈

စစ်တပ် ဦးဆောင်ကျင်းပတဲ့ အပိုင်းလိုက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပျက်ပြားအောင် လုပ် ဆောင်တဲ့ စွပ်စွဲချက်နဲ့ အွန်လိုင်းရော မြေပြင်မှာပါ စစ်ကော်မရှင်က အရေးယူထားသူပေါင်း ၃၃၀ ကျော် ရှိလာပြီလို့ ဝါဒဖြန့် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ ရွေး ကောက်ပွဲကာကွယ်ရေးဥပ‌ဒေအရ အရေးယူဆောင်ရွက်မှု ၂၄၀ မှုမှာ အမျိုးသား ၂၇၅ ဦးနဲ့ အမျိုးသမီး ၆၀ စုစုပေါင်း ၃၃၅ ဦး ရှိခဲ့တာပါ။

ဆက်လက်ပြီး ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေ ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ် အရေးယူတာတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားရမယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ကော်မတီဥက္ကဌအဖြစ် သူက ထည့်သွင်းပြောဆိုခဲ့တာပါ။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ပြောခွင့်မရှိဘူးဆိုတဲ့အချက်နဲ့ ပြည်သူတွေကို လွတ်လပ်စွာ ပြောဆိုဝေဖန်ရေးသားခွင့်တွေ မရအောင် လုပ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတတယ်။

“ဒီရွေးကောက်ပွဲရဲ့ အဓိက ရွေးကောက်ပွဲမဟုတ်ကြောင်း ကျွန်တော်တို့ မီဒီယာသမားတွေ အဓိက ထောက်ပြတာတော့ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့် နောက်ရေးသားခွင့် ထုတ်ဖော်ခွင့် မရှိတဲ့အ တွက် ဒီဟာရွေးကောက်ပွဲအင်္ဂါရပ်နဲ့ မညီဘူးဆိုပြီးတော့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောရတာ အဓိက အကြောင်းအချက်အလက်ပါ။အဲဒီတော့ နောက်ဆက်လုပ်မယ့် အပိုင်း ၂ အပိုင်း ၃ တွေမှာလည်း လွတ်လပ်ပြီးမျှတမှု အထူးသဖြင့် လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့် မရှိပါဘူး။မဲဆွယ်ခွင့်လည်း မရှိပါဘူး။အဓိက တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ပြောခွင့်မရှိဘူးဆိုတာနဲ့ပဲ လူတွေကို အများကြီး ထပ်ပြီးတော့ ဒုက္ခပေးပါဦးမယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်က ၁၀၂ မြို့နယ်ရှိ မဲရုံတွေမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေထဲက မဲလာပေးခဲ့သူ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

အဲဒီ ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပနေချိန်မှာ နိုင်ငံတကာက လေ့လာရေးအဖွဲ့တွေ ပြည်တွင်းပြည်ပ သတင်းဌာနတွေနဲ့ မီဒီယာအဖွဲ့အစည်းတွေက လာရောက်လေ့လာကြတာကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကို မလိုလားတဲ့သူတွေက ဆန္ဒမဲပေးခဲ့တဲ့ ပြည်သူတွေ ဆန္ဒမဲမပေးနိုင်ရေးအတွက် နှောင့်ယှက်ဟန့်တား ခြိမ်းခြောက်ပစ်ခတ်တိုက်ခိုက်မှု တချို့ပြုလုပ်ခဲ့ပေမယ့် ရွေး ကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရွေးကောက်ပွဲအပိုင်း ၁ မှာ မဲပေးနိုင်တဲ့ မဲဆန္ဒရှင်ဦးရေ ၁၁ သန်းခွဲကျော်ရှိပြီး လာရောက်မဲပေးသူ ၆ သန်းကျော် ရှိခဲ့တဲ့အတွက် ၅၂ ရာခိုင်နှုန်းကျော်အထိ လာရောက်မဲပေးခဲ့တယ်လို့ ဒီဇင်ဘာနှောင်းပိုင်းမှာ ထုတ်ပြောထားတာပါ။

မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က မဲလာမထည့်ရင် နောက်ဆက်တွဲ သက်ရောက်မှုတွေကို တာဝန်ယူရမယ်ဆိုတဲ့ ရပ်ကျေးအာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အကြောက်တရားနဲ့ မဲထည့်ကြသူတွေလည်း ရှိနိုင်တယ်လို့ ထောက်ပြပါတယ်။

“မဲလာထည့်တဲ့သူတွေက အတန်အသင့် အကြောက်ရားနဲ့ လာပြီး ထည့်ရတဲ့ ကိစ္စတွေဖြစ်လာတယ်။နောက်ပြီး နိုင်ငံရေး၊ နိုင်ငံသားအခွင့်အရေးတွေ ဘာမှ စဉ်းစားလို့ မရဘဲနဲ့ လာထည့်ရတဲ့ သဘောတွေဖြစ်တယ်။ဆိုတဲ့အခါကျတော့သူတို့ ပြောတဲ့ ကိန်းဂဏန်းကလည်း ဖြစ်နိုင်ပါတယ်။ အကြောက်တရားနဲ့ လာထည့်တာတွေလို့ ဖြစ်လာမယ့် အခြေအနေတွေကို ကြောက်ရွံ့ပြီးတော့ လာထည့်တဲ့ ကိစ္စတွေလည်း ရှိကောင်းရှိနိုင်ပါတယ်” လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအပိုင်း ၁ မှာ လာရောက်သတင်းယူကြတဲ့ နိုင်ငံတကာက သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ မြန်မာပြည်သူအများစုဟာ ရွေးကောက်ပွဲကို မထောက်ခံကြဘဲ သပိတ်မှောက်ထားကြပြီး မဲလာပေးသူတွေထဲမှာ ဖိအားကြောင့် လာပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် အရင်ရွေးကောက်ပွဲလိုမျိုး ဒီမိုကရေစီကို အသက်သွင်းမယ့် မျှော်လင့်ချက်အရိပ်အယောင်တွေ မဲလာပေးသူတွေဆီက မတွေ့နေဘူးလို့ အပိုင်း ၁ မှာ ဆန္ဒမဲလာပေးကြသူတွေရဲ့ အခြေအနေနဲ့ မေးမြန်းမှုတွေကို အခြေခံပြီး နိုင်ငံတကာသတင်းမီဒီယာတွေက သတင်းတင်ဆက်ခဲ့ကြတာပါ။

စစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ အပိုင်း ၃ မှာ မဲဆန္ဒရှင်ပြည်သူတွေ စိတ်အေးချမ်းသာ လုံခြုံမှုရှိရှိ ဆန္ဒမဲပေးနိုင်ရေးအတွက် အပိုင်း ၁ က ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ပိုမို ကောင်းမွန်တဲ့ လုံခြုံရေးအစီအမံတွေကို လုပ်ဆောင်ဖို့ ညွန်ကြားထားတာပါ။

ဒါကြောင့် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနတွေအနေနဲ့ တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး ထိထိရောက်ရောက် လုပ်ဆောင်သွားရမယ်လို့ ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

လာမယ့် ဇန်နဝါရီ ၁၁ ရက်နဲ့ ၂၅ ရက်နေ့တို့မှာ ကျန်ရှိတဲ့ ရွေးကောက်ပွဲအပိုင်းတွေကို ကျင်းပသွားမှာဖြစ်လို့ မဲပေးစက်ပိုင်းဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေအပေါ် သက်ဆိုင်ရာဌာနတွေ ကော်မရှင်အဖွဲ့ခွဲတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လုံခြုံရေးကျိုးပေါက်မှု မရှိအောင် အင်အားဖြည့် ပြင်ဆင်သွားဖို့ ညွန်ကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.