မော်လမြိုင်၊ ဇန်နဝါရီ ၅
မွန်ပြည်နယ်မှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကော်မရှင်က အကျဉ်းသား ၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ပါဝင်မှု မရှိဘူးလို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ မနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်ရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ကုန်ထုတ်စခန်းအသီးသီးက အကျဉ်းသား ၅၀၀ ကျော်ကို လွတ်ငြိမ်း သက်သာခွင့် ပေးအပ်ခဲ့တာပါ။
အဲဒီထဲမှာ အကျဉ်းသား ၃၆၅ ဦး၊ အကျဉ်းသူ ၁၄၇ ဦး၊ စုစုပေါင်း အကျဉ်းသားအကျဉ်းသူ ၅၁၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အကျဉ်းထောင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသားတွေဟာ ခိုးဆိုးလုယက်မှုတွေအပါအဝင် အခြားပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ဟာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့ပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသားတွေအနေနဲ့ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media (ပုံဟောင်းဖြစ်ပါသည်)

