ဘီးလင်း၊ ဇန်နဝါရီ ၆
ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပဖို့ ရှိနေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်ဘက်က တပ်အင်အား ရာချီ ထပ်တိုးချထားတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခုနှစ်ဆန်းပိုင်းကစလို့ နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲတွေကြောင့် စစ်ကော်မရှင်တပ်ဟာ ရန်ကုန် – မော်လမြိုင်လမ်းပိုင်းနဲ့ ဘီးလင်း-တောင်စွန်းလမ်းပိုင်းတွေမှာ တပ်အင်အား ရာနဲ့ချီ ထပ်တိုးထားတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီလမ်းပိုင်း နှစ်ခုမှာ အနည်းဆုံး စစ်ကော်မရှင်တပ်အင်အား ၅၀၀ ထက်မနည်း ရှိတယ်လို့ သိရပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ ဘီးလင်းမြို့နယ် အလူးလေးနဲ့အလူးကြီးကျေးရွာအနီး ပတ်ဝန်းကျင်မှာ ကင်းပုန်း အများအပြား တိုးမြှင့်ထားသလို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။
စစ်ကော်မရှင်တပ်ရဲ့ အင်အားတိုးချမှုဟာ ရွေးကောက်ပွဲနေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် လုံခြုံရေးကြိုယူတာလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
နှစ်ဖက်စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲ အပိုင်း ၂ ကို လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကနေ ဇန်နဝါရီ ၃ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ကော်မရှင်တပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

