မော်လမြိုင်၊ ဇန်နဝါရီ ၅
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၇၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း အာဏာသိမ်း စစ်တပ်အင်အား တစ်သောင်းနီးပါး ပြုန်းတီးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာရဲ့ ဖော်ပြချက်ကို ကိုးကာပြီး NUG အစိုးရက အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပေါင်း ၇၁၃၉ ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ စခန်းသိမ်းတိုက်ပွဲတွေအပါအဝင် တိုက်ပွဲကြီးပေါင်း ၁၃၀၀ ကျော် ဆင်နွှဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်က ၅,၆၉၉ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂,၇၂၆ ဦး၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၁,၁၂၄ ဦး ၊ စုစုပေါင်း ပြုန်းတီးအင်အား ၉,၅၄၉ ဦးရှိတယ်လို့ ဖော်ပြပါတယ်။
တိုက်ပွဲအခြေအနေအရ အညာနဲ့စစ်တောင်းမြစ်ဝှမ်းဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ဆင်နွှဲခဲ့တဲ့ တိုက်ပွဲပေါင်း ၂,၉၈၄ ကြိမ် ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

