ဘားအံ၊ ဇန်နဝါရီ ၄
ကရင်ပြည်နယ် မြဝတီစစ်ဆင်ရေးမှာ စစ်ရေးရှုံးမှုနဲ့အတူ တပ်ဖွဲ့ဝင် အများအပြား သေဆုံးနေတာကြောင့် ဘားအံမြို့အခြေစိုက် တပ်မ ၂၂ တပ်မမှူးကို စစ်ကော်မရှင်က ဖမ်းဆီးအရေးယူလိုက်တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ဆီတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘားအံမြို့အခြေစိုက် အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဟာ မြဝတီမြို့တောင်ဘက်ခြမ်း ဖလူး မင်းလက်ပံနယ်မြေအတွင်းကို စစ်ရေးဝင်ရောက်လှုပ်ရှားနေတာဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်တို့နဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ တိုက်ပွဲတွေမှာ ထိခိုက်သေဆုံး ဒဏ်ရာရရှိတာတွေ အများအပြား ရှိနေခဲ့တာပါ။
ဒါ့အပြင် တပ်မ ၂၂ လက်အောက်ခံတပ်ဖွဲ့တွေဟာ ဗိုလ်ဒါဘောဦးဆောင်တဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တွေထံ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတာတွေ ရှိနေခဲ့တယ်လို့ တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ထုတ်ပြန်အသိပေးထားပါတယ်။
မြဝတီတောင်ပိုင်းနယ်မြေအတွင်း စစ်ဆင်ရေးဝင်ရောက်နေတဲ့ စစ်ကော်မရှင်ရဲ့ တပ်မ ၂၂ ဟာ လပေါင်းများစွာကြာမြင့်သည့်တိုင် လက်ရှိအချိန်အထိ မင်းလက်ပံနဲ့ ဖလူးဒေသတွေကို မကျော်နိုင်သေးတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေထဲမှာ စစ်လက်နက်ခဲယမ်းပစ္စည်းတွေ ဆုံးရှုံးမှုတွေများပြားတာ၊ တပ်ဖွဲ့ဝင်တွေ တော်လှန် ရေးပူးပေါင်းတပ်ဆီ အလင်းဝင်ရောက်မှုများပြားတာ၊ စစ်ဆင်ရေးကိုင်တွယ်ကွပ်ကဲအမိန့်ပေးမှုညံ့ဖျင်းတာတွေကြောင့် တပ်မ ၂၂ တပ်မမှူး ရာထူးဖြုတ်ချခံလိုက်ရတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ဖလူး မင်းလက်ပံနယ်မြေအတွင်း စစ်ဆင်ရေးဝင်ရောက်နေတဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၂ တပ်ရင်းမှူးကိုလည်း စစ်ရေးအောင်မြင်အောင် မတိုက်ခိုက်နိုင်ဘူးဆိုပြီး လာဘ်စားမှုအကြောင်းပြချက်နဲ့ စစ်ကော်မရှင်တပ်က ပြန်လည်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဘားအံမြို့အခြေစိုက် တပ်မ ၂၂ ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရခိုင်ပြည်နယ်ထဲကို စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားခဲ့ရတာဖြစ်ပြီး ရခိုင်ပြည်နယ်စစ်ဆင်ရေးမှာ တပ်မ ၂၂ လက်အောက်ခံတပ်တွေဟာ တပ်ရင်းလိုက်ပြုတ်ကာ တပ်မ ၂၂ တပ်မမှူးဖြစ်တဲ့ ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း အသေဖမ်းဆီးရမိခဲ့တယ်လို့ ရခိုင့်တပ်တော် AA ဘက်က သတင်းထုတ်ပြန်ထားတာပါ။
အဲဒီနောက် စစ်ကော်မရှင်တပ်ဟာ စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်တွေကို ပြန်လည်စုဆောင်းခေါ်ယူလိုက်ပြီး တပ်အင်အားတွေပြန်လည်ဖြည့်တင်းလာတဲ့အတွက် စစ်အင်အားပြန်လည်တောင့်တင်းလာခဲ့ရာ အဲဒီအထဲမှာ တပ်မ ၂၂ လက်အောက်ခံတပ်ရင်းတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

