မော်လမြိုင် ၊ ဇန်နဝါရီ ၄

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ကျင်းပပြီးစီးခဲ့တဲ့ အပိုင်း ၁ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်‌ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၂၈ ဦးဟာ ဝင်ပြိုင်စရာမလိုဘဲ အလိုအ လျောက် အမတ်ဖြစ်သွားသလို မဲရလဒ်အရလည်း ဦးဆောင်နေပါတယ်။

စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၁၀၂ မြို့နယ်အတွင်းက မြို့နယ် ၂၅ ခုရဲ့ ရွေးကောက်ပွဲရလဒ်တွေကို လွှတ်တော်အလိုက် ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေကို ဇန်နဝါရီ ၂ ရက်နေ့မှာ ကြေညာလာတာပါ။

အဲဒီထဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေအတွက် မဲ ဆန္ဒနယ် ၅၆ နယ်မှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၅၂ နေရာနဲ့ အများဆုံး ရွေးကောက်တင် မြှောက်ခံခဲ့ရပါတယ်။

ဒါကြောင့် ကော်မရှင်ရဲ့ ကနဦး ကြေညာချက်အရ အပိုင်း ၁ မှာတင် ကြံ့ခိုင်ရေးပါတီက ပြည်သူ့ လွှတ်တော်မှာ ၃၈ နေရာနဲ့ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော်မှာ ၁၄ နေရာ အနိုင်ရရှိထားတဲ့အတွက် ကျန်အပိုင်းတွေမှာလည်း ရလဒ်ကို ဦးဆောင်နိုင်ရင် အစိုးရဖွဲ့နိုင်မယ့် အခြေအနေပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က ကြံ့ခိုင်ရေးပါတီကပဲ လွှတ်တော်မှာ ဗဟိုအစိုးရဖွဲ့နိုင်မှာဖြစ်လို့ လူထုရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ ဘာမှ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။

“ဘာမှ မပြောင်းလဲပါဘူး။ လူရော မူရောက ဒီလူတွေပဲလေ။ ဘာမှအပြောင်းအလဲရှိမှာ မဟုတ်ပါဘူး။ ဘာမှ ထူးထူးခြားခြား မရှိပါဘူးကွာ။ မျက်လှည့်ပြတာပဲနော်။ သူတို့ တရုတ်နဲ့ တိုင်ပင်ပြီးတော့ မျက်လှည့်ပြတဲ့ပွဲတစ်ခု တနည်းအားဖြင့် သူတို့ ဒါကို (ရွေးကောက်ပွဲ) မလုပ်မဖြစ်လို့သာ (တရုတ်ကြောင့်) လုပ်ရတာပါနော်။အဲဒါပဲ ဘာမှ သိပ်အပြောင်းအလဲ ရှိဖို့ လုပ်တာ မဟုတ်ပါဘူးနော်”လို့ ဆိုပါတယ်။

အတိုက်အခံ အင်အားကြီးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မပါဝင်တဲ့ ရွေးကောက် ပွဲမှာ ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြည်သူ့လွှတ်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်လွှတ်တော်က မဲဆန္ဒ နယ် ၃၀ ထဲက ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၁ (က) အရ ကိုယ်စားလှယ် ၂၈ နေရာ ရရှိခဲ့တာပါ။

အဲဒီပုဒ်မဟာ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိရင် အဲဒီမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲမကျင်းပတော့ဘဲ အဲဒီပုဂ္ဂိုလ်ကို အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာရမယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ရှိတဲ့ မဲဆန္ဒနယ် ၂၈ နယ်မှာ သက်ဆိုင်ရာ လွှတ်တော်အလိုက် ရွေးကောက်ပွဲကျင်းပစရာမလိုဘဲ ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိ အလိုအလျောက် အမတ်ဖြစ်လာခဲ့တာပါ။

ဒါ့အပြင် ရွေးကောက်ပွဲဥပဒေပုဒ်မ ပုဒ်မ ၄၁ (က) အရ ရှမ်းပြည်နယ်က တိုင်းရင်းသားလူမျိုးမဲဆန္ဒ နယ်မှာ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် တစ်နေရာ ရရှိခဲ့ပါတယ်။

အလားတူ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တစ်နေရာ အနိုင်ရရှိခဲ့ပြီး “ဝ” အမျိုးသားပါတီကလည်း မဲများသူအကုန်အနိုင်ယူစနစ် FPTP နဲ့ မဲဆန္ဒနယ် အမှတ် ၁ ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပုဒ်မ ၄၁ (က) အရ ကြေညာခံထားရတာပါ။

ကော်မရှင်ကတော့ FPTP စနစ်နဲ့ ရွေးချယ်တဲ့ ပြည်သူ့လွှတ်တော်အပါအဝင် အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်က ရွေးကောက်တင်မြှောက်ခံရသူတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတွေက ရွေးကောက်ပွဲဥပဒေနဲ့အညီ ကြေညာတာလို့ ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၅ နေရာအတွက် ဝင်ပြိုင်ကြသူတွေထဲမှာလည်း ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၂၄ နေရာနဲ့ အများဆုံးရရှိထားပြီး မွန်ညီညွတ်ရေးပါတီကတော့ ကိုယ်စားလှယ် တစ်နေရာ ရရှိထားတာပါ။

ဒီအတွက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉ (ခ) အရ ကိုယ်စားလှယ်လောင်းတွေ ရရှိတဲ့ ဆန္ဒမဲအရေအတွက်ကို သတ်မှတ်ထားတဲ့အတိုင်း ပြုစုပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးအတွက် ခိုင်လုံတဲ့ ဆန္ဒမဲအများဆုံးရရှိသူတွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်တာဖြစ်ပါတယ်။

လာမယ့် အပိုင်း ၂ ရွေးကောက်ပွဲကိုတော့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ် ၁၀၀ နဲ့ အပိုင်း ၃ ကို ၆၃ မြို့နယ်တို့မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး မတ်လကုန်ပိုင်းမှာ အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ စစ်ကော်မရှင်က ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-USDP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.