ဘေဂျင်း၊ ဒီဇင်ဘာ ၂၇

ထိုင်ဝမ်သို့ လက်နက် အများအပြား ရောင်းချမှာ ဖြစ်ကြောင်း ဝါရှင်တန်က ကြေညာပြီးနောက် သီတင်း တစ်ပတ်အကြာမှာ တရုတ်က အမေရိကန် ကာကွယ်ရေးကုမ္ပဏီ ၂၀ နဲ့အမှုဆောင်အရာရှိ ၁၀ ဦးကို ဒီဇင်ဘာ ၂၆ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေအရ အဲဒီကုမ္ပဏီတွေရဲ့ တရုတ်နိုင်ငံရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမှာ ဖြစ်ပြီး လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေ တရုတ်နဲ့ ဆက်သွယ်ခွင့် တားမြစ်ခံရမှာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ကုမ္ပဏီတွေထဲမှာ Northrop Grumman Systems Corporation ၊ L3Harris Maritime Services နဲ့ Boeing ကုမ္ပဏီတို့ ပါဝင်ပြီး လူပုဂ္ဂိုလ်တွေထဲမှာ Anduril Industries ကာကွယ်ရေးလုပ်ငန်း တည်ထောင်သူ ပေါ်လ်မာ လက်ကီးလည်း ပါဝင်ပါတယ်။

သူတို့အနေနဲ့ တရုတ်နိုင်ငံမှာ စီးပွားရေး လုပ်ခွင့် မရှိတော့ဘဲ ပြည်ဝင်ခွင့်လည်း တားမြစ်ခံရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ရှိနေတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တရုတ်အစိုးရက သိမ်းဆည်းမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်သို့ ဒေါ်လာ ၁၀ ဘီလီယံကျော် တန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချမယ်ဆိုတဲ့ အမေရိကန်ရဲ့ ကြေညာချက်ကြောင့် ဘေဂျင်းကို ဒေါသထွက်စေခဲ့ပါတယ်။

ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို တရုတ်က သူတို့ ပိုင်တဲ့ ဒေသ တစ်ခုလို့ သတ်မှတ်ထားပြီး သူတို့ အုပ်ချုပ်မှုအောက် ထားရှိရေး အင်အားသုံးစရာလိုရင် သုံးမယ်လို့ ပြောထားပါတယ်။

အမေရိကန် လွှတ်တော်က ခွင့်ပြုလိုက်ပြီဆိုရင်တော့ အဲဒါဟာ ထိုင်ဝမ်သို့ အမေရိကန် လက်နက် ရောင်းချမှုတွေထဲ အများဆုံး ဖြစ်လာမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုမှာ ပါဝင်တဲ့ ဘယ်လုပ်ငန်းမဆို ဘယ်လူပုဂ္ဂိုလ် မဆို မှားယွင်းတဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ရမှာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၂၆ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိုင်ဝမ်ကို လက်နက်တွေ တပ်ဆင်ပေးနေတာဟာ အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်ပြီး အမေရိကန်အနေနဲ့ ရပ်တန့်ဖို့လည်း တရုတ်က တိုက်တွန်းထားပါတယ်။

အမေရိကန်-တရုတ် ဆက်ဆံရေးအတွင်း ထိုင်ဝမ်ဟာ အဓိက အချင်းများရာနေရာ ဖြစ်ပြီး အင်အားကြီး နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခ ဖြစ်လာမှာကို လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။

ထိုင်ဝမ်သို့ အမေရိကန်ရဲ့ လက်နက်ရောင်းချမှုဟာ တရုတ်နဲ့ အမေရိကန်ကြား သံတမန်ရေး သဘောတူညီမှုကို ချိုးဖောက်ရကျတယ်လို့ ဘေဂျင်းက ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက တရုတ်ဟာ ထိုင်ဝမ်အနီး စစ်အင်အားချထားမှု ပိုများလာခဲ့ပြီး ၂၀၂၇ ခုနှစ်မတိုင်ခင် ထိုင်ဝမ်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် စစ်ဌာနချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန် ဖက်ဒရယ် ဥပဒေအရ ထိုင်ဝမ် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရေး အမေရိကန်မှာ တာဝန် ရှိတယ်လို့ သတ်မှတ်ထားပါတယ်။

အဲဒီ သတ်မှတ်ချက်ကြောင့်ပဲ တရုတ်နဲ့ အမေရိကန်ကြား ထိုင်ဝမ်နဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေ ပိုများလာနေပါတယ်။

လူ့အခွင့်အရေး၊ ကုန်သွယ်ရေး၊ နည်းပညာတို့နဲ့ပတ်သက်လို့လည်း အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်နေပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.