ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၆
တိုက်ခိုက်မှုများ အဆုံးသတ်ရေး နှစ်နိုင်ငံအရာရှိတွေ ဆွေးနွေးနေကြချိန် ထိုင်းက နယ်စပ်မှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်ပြုလုပ်နေတယ်လို့ ကမ္ဘောဒီးယားက ဒီဇင်ဘာ ၂၆ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
အိမ်နီးချင်း နှစ်နိုင်ငံကြား ကာလကြာရှည်ရှိနေခဲ့တဲ့ နယ်စပ် အငြင်းပွားမှုဟာ အခုလအတွင်း အရှိန်ပြန်မြင့်လာပြီး အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် လူ ၄၀ ဦးနဲ့အထက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

အငြင်းပွားနေတဲ့ နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ဘေးရှောင်ရသူ အရေအတွက်လည်း ၁ သန်း ဝန်းကျင်ရှိလာပြီ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနဲ့ထိုင်းအရာရှိတွေဟာ နှစ်နိုင်ငံနယ်စပ် စစ်ဆေးဂိတ် တစ်ခုမှာ ပြဿနာ ပြေလည်စေရေး ဒီဇင်ဘာ ၂၆ ရက်က တတိယမြောက်နေ့အဖြစ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီနေ့ မနက်မှာပဲ အငြင်းပွားနေတဲ့ နယ်စပ်မှာ ပြင်းထန်တဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒေသစံတော်ချိန် မနက် ၆ နာရီ ၈ မိနစ်ကနေ ၇ နာရီ ၁၅ မိနစ်အထိ ထိုင်း အက်ဖ်-၁၆ တိုက်လေယာဉ်က ဗုံးအလုံးရေ ၄၀ အထိ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအချိန်မတိုင်ခင် ညပိုင်းက ကမ္ဘောဒီးယား စစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ထိုင်းနယ်စပ်ရှိ လူနေအိမ် အများအပြား ပျက်စီးခဲ့ရကြောင်း ထိုင်းမီဒီယာတွေက ဒီဇင်ဘာ ၂၆ ရက်မှာ ဖော်ပြထားပါတယ်။
နှစ်နိုင်ငံ နယ်စပ်တလျှောက် ပြည်နယ်တိုင်း အားလုံးဆီ တိုက်ပွဲတွေ ပျံ့နှံ့လာချိန်မှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားမှုအတွက် ထိုင်းနဲ့ ကမ္ဘောဒီးယား အပြန်အလှန် အပြစ်တင်နေကြပါတယ်။
နှစ်နိုင်ငံစလုံးက ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ တိုက်ခိုက်နေတာလို့ ပြောဆိုထားပြီး အရပ်သားတွေကို တိုက်ခိုက်တယ်လို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။
ဇူလိုင်လက ၅ ရက်ကြာ တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး အမေရိကန်၊ တရုတ်နဲ့ မလေးရှားတို့ ကြားဝင် စေ့စပ်ပေးခဲ့ကြပေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဟာ သက်တမ်း မရှည်ခဲ့ပါဘူး။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကို ဖုန်းနဲ့ ဆွေးနွေးပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ အပစ်အခတ် ရပ်စဲနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ ဒီဇင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
အဲဒီ နှစ်နိုင်ငံရဲ့ ကီလိုမီတာ ၈၀၀ ရှည်တဲ့ နယ်စပ်တလျှောက်က အငြင်းပွားမှုတွေဟာ ကိုလိုနီခေတ်ကတည်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Ref:AFP

