နေပြည်တော် ၊ နိုဝင်ဘာ ၁၇
အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံမှာ ပြန်လည်ဝင်ဆံ့နိုင်ရေးကနေ ကုလသမဂ္ဂမှာ နိုင်ငံရေးအရ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရရှိရေးဟာ လက်တွေ့မကျတဲ့ ကြိုးပမ်းမှုတွေနဲ့အတူ အလှမ်းဝေးသွားစေပါတယ်။
အကြောင်းကတော့ နိုဝင်ဘာ ၁၅ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးအပြီး မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ကာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပါ။
ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်မှု မရှိသရွေ့ အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ရောက်ဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာပါ။
ဒါဟာ အာဆီယံထိပ်သီးအစည်းအဝေးတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ရှိမှာလည်း ဆက်လက်ကျင့်သုံးဖို့ သဘောတူခဲ့တာဖြစ်လို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ အဓိကမူဘောင်အဖြစ် ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်စွဲကိုင်ထားတာပါ။
ဒါကြောင့် စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ခံထားရတဲ့အတွက် အာဆီယံမှာ တင်းပြည့်ကျပ်ပြည့် ပြန်လည်ဝင်ဆံ့နိုင်ရေးဟာ မလွယ်ကူသေးတာကို ပြသနေပါတယ်။
ဒါပေမယ့် အာဆီယံရဲ့ အခြားကဏ္ဍအလိုက် ဝန်ကြီးအဆင့်အဖွဲ့အစည်းတွေနဲ့ အခြားအစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ ပါဝင်တက်ရောက်မှုကို အဆင့်အားလုံးမှာ ကန့်သတ်ချက် မထားဘဲ အာဆီယံခေါင်းဆောင်တွေက ခွင့်ပြုပေးခဲ့ပါတယ်။
တစ်ဘက်မှာ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်မှုမှာ တိကျခိုင်မာတဲ့ တိုးတက်မှုတွေ ရှိလာတဲ့အပေါ် မူတည်ပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ အပြည့်အဝ ကိုယ်စားပြုခွင့်ကို တဖြည်းဖြည်း ပြန်လည်ပေးအပ်ဖို့ စဉ်းစားနိုင်တယ်လို့ ဆိုပါတယ်။
လေ့လာသူတွေကတော့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ရောက်ရှိရေးတွေမှာ လက်တွေ့ ပြောင်းလဲမှုမရှိရင် ကိုယ်စားပြုခွင့် မပေးသင့်ဘူးလို့ ထောက်ပြကြပါတယ်။
စစ်အစိုးရအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် အာဆီယံနဲ့ မတူညီတဲ့ အမြင်သဘောထားတွေ ရှိနေပြီး ၂၀၃၁ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထမ်းဆောင်မယ့်အပေါ် အာဆီယံခေါင်းဆောင်တွေက အခြေအနေပေါ် မူတည်ပြီး ထည့်သွင်းစဉ်းစားသွာဖို့လည်း ရှိနေပြန်ပါတယ်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဘုံသဘောတူညီချက် ၅ ရပ်ရဲ့ အခြေခံစံနှုန်းတွေ တိုးတက်မှုမရှိဘဲ စစ်အစိုးရအတွက် အာဆီယံအသင်းဆီက နိုင်ငံရေး တရားဝင်မှုရဖို့ ခက်ခဲနေဦးမယ်လို့ သုံးသပ်ပါတယ်။
“တကယ်တမ်း အာဆီယံကလည်း အာဆီယံတစ်ခုတည်းမဟုတ်ဘူး။ အခုပဲ ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေပါ ပါလာတော့လေ အနည်းဆုံးတော့ Minimum Articles Standard (အခြေခံစံနှုန်းတွေ တိုးတက်မှု) မရှိဘဲနဲ့တော့ ရုတ်တရက်ကြီး ဆွဲခေါ်ဖို့အတွက် ခက်နေဦးမယ်။အဲဒီလိုပဲ မြန်မာကလည်း (စစ်အစိုး) ဒီဟာကို မလုပ်နိုင်ဘူးဖြစ်နေတဲ့အခြေအနေမှာတော့ ကျွန်တော်ထင်ပါတယ် အာဆီယံကနေ ပတ်ပြီးတော့ တရားဝင်မှုဆိုတာတော့ Bilateral (နှစ်ဘက်သဘောတူညီမှု) ပဲ ရမယ်။ အုပ်စုလိုက်ကြီးတော့ (အာဆီယံအသင်းရဲ့ တရားဝင်မှု) ရဖို့ ထပ်ပြီး ခက်ခဲနေဦးမယ်လို့ ပြောပါရစေ ခင်ဗျ”လို့ ဆိုပါတယ်။
ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အာဆီယံအဖွဲ့ဝင် ငါးနိုင်ငံကို သွားရောက်ခွင့်ရခဲ့တဲ့ ခရီးစဉ်တွေအတွင်း မြန်မာစစ်အစိုးရအနေနဲ့ အာဆီယံထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးကို စည်းရုံးခဲ့ပြီး အဲဒီနိုင်ငံတွေကလည်း ထောက်ခံပေးသွားမယ်လို့ တုံ့ပြန်ထားကြတာပါ။
ဒါပေမယ့် လက်ရှိမှာတော့ အာဆီယံထဲ ပြန်လည်ဝင်ဆံ့ရေးဟာ အဖွဲ့ဝင်တစ်နိုင်ငံချင်းစီရဲ့ ထောက်ခံမှုနဲ့တင် မလုံလောက်ဘဲ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေအပေါ် လက်တွေ့ လိုက်နာနိုင်မှု ရှိ မရှိကို အာဆီယံရဲ့ စည်းမျဉ်းအခြေပြုမှုတွေအပေါ် အခြေခံပြီး တိုင်းတာတာဖြစ်ပါတယ်။
ဘုံသဘောတူညီချက်ထဲမှာတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ စတင်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပါဝင်ပါတယ်။
ဒီအပေါ် ဦးမင်းအောင်လှိုင်ကိုယ်တိုင် တပ်ချုပ်ရာထူးနဲ့ လိုက်နာပါမယ်လို့ သဘောတူခဲ့ပေယ့် လက်တွေ့မှာ အာဏာသိမ်းကာလကနေ စစ်အစိုးရအဖြစ် ဖွဲ့စည်းထားချိန်ထိ အကောင်အထည်ဖော်မှုတွေ ပျက်ကွက်ခဲ့တဲ့အပြင် ဘုံသဘောတူညီချက်ကို စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်က ငြင်းပယ်ထားတာပါ။
ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဦးတည်ချက်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်မယ်လို့ အရင်က အသိပေးထားတာ ဖြစ်ပါတယ်။
အာဆီယံခေါင်းဆောင်တွေကတော့ မြန်မာက ပိုင်ဆိုင်ပြီး မြန်မာတွေ ဦးဆောင်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းတဲ့ အဖြေရလဒ် ရရှိဖို့ ရည်ရွယ်ချက်နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတစ်ရပ် ခေါ်ယူနိုင်ရေးအတွက် ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတာပါ။
တစ်ဘက်မှာ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံး အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ အရပ်သားတွေနဲ့ အရပ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ ယုံကြည်မှုတည်ဆောက်ရေး ကြိုးပမ်းမှုတွေ မြှင့်တင်ဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။
ဒါဟာ အာဆီယံမှာ စစ်အစိုးရက ပြန်လည်ဝင်ဆံ့ချင်ရင် ဘုံသဘောတူညီချက်တွေအတိုင်း အကောင်အထည်ဖော်ရမှာဖြစ်ပေမယ့် အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တောက်လျှောက် လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။
အထူးသဖြင့် စစ်တပ်နဲ့ တိုက်ပွဲဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အရပ်သားနဲ့ အများပြည်သူဆိုင်ရာအဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်သလိုမျိုး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖက်ဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့တချို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာလည်း အလားတူ လုပ်ဆောင်နေတာပါ။
နိုဝင်ဘာ ၁၅ ရက် ည ၁၁ နာရီမှာ အပစ်ရပ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသ ဖလံချောင်းဝရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့သလို နိုဝင်ဘာ ၁၆ ရက် မနက် ၂ နာရီမှာလည်း ဆက်လက် ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီလိုမျိုး တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာဟာ နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ အပစ်ရပ်ကတိတွေအပေါ် ယုံကြည်မှုပျက်စီးလာတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီလိုတိုက်ခိုက်မှုတွေက မြန်မာ့အကျပ်အတည်းကို ပိုပြီး ရှင်းရခက်လာစေတယ်။ လူတွေ သေနေကြတယ်၊ ကလေးတွေ ပညာသင်ကြားခွင့် ပျက်တယ်၊ စားဝတ်နေရေးနဲ့ ဆေးကုသမှု ခက်ခဲလာတယ်။ နိုင်ငံရေးအရလည်း ဆွေးနွေးမှုနဲ့ အပစ်ရပ်ကတိတွေအပေါ်မှာ ယုံကြည်မှုတွေ ပျက်စီးလာတယ်။ ဆိုတော့ ဒါတွေက ပုံရိပ်တွေကို အများကြီး ထိခိုက်နေတာတွေ ရှိတယ်”လို့ ဆိုပါတယ်။
အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ထဲမှာ အကြမ်းဖက်မှုတွေ ရပ်စဲရေးကို ထပ်မံတောင်းဆိုထားတဲ့အပြင် အကူအညီလိုအပ်နေသူအားလုံးဆီ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နိုင်ဖို့ လုံခြုံပြီး အဆင်ပြေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရေးကိုလည်း ထည့်သွင်းထားတာပါ။
ဒါ့အပြင် အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အရေးကြီးကြောင်းကိုလည်း အလေးပေးဖော်ပြထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိတွေ့ဆက်ဆံရေးဟာ စစ်အစိုးရအတွက် တရားဝင်မှု ရဖို့ လမ်းကြောင်းမဖြစ်သင့်သလို အာဆီယံအနေနဲ့ တိုးတက်မှုကို စစ်ဆေးနိုင်တဲ့ ပြင်ဆင်သတ်မှတ်ချက်တွေနဲ့အတူ ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ်လို့ ထောက်ပြထားတာပါ။
ဒီအတွက် မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေ ကောင်းမွန်လာသလားဆိုတဲ့ တိုင်းတာမှုကို အခြေခံပြီး စစ်အစိုးရက တင်ပြချက်တစ်ခုတည်းကို မဆုံးဖြတ်ဘဲ ဒေသခံ အရပ်သားတွေနဲ့ လွတ်လပ်တဲ့ စောင့်ကြည့်ရေးယန္တရားတွေရဲ့ အချက်အလက်တွေနဲ့ စစ်ဆေးသင့်တယ်လို့ နိုင်အဲမွန်က မှတ်ချက်ပြုပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ASEAN/HOS

