ကျိုက်ထိုမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကျိုက်ထို၊ နိုဝင်ဘာ ၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ အာဏာသိမ်း စစ်တပ်ဟာ အထူးစစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေ အခြေချလှုပ်ရှားနေတဲ့ ကျိုက်ထိုမြို့နယ်ထဲကို အင်အား ၁၂၀၀ ကျော်နဲ့ စစ်ကြောင်း သုံးကြောင်းခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

အဲဒီစစ်ကြောင်းတွေဟာ နိုဝင်ဘာ ၉ ရက်နေ့မှာ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်ထိ ထိုးဖောက်နိုင်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဗျူဟာမှူးအထိုင်ချထားတဲ့ ကျိုက်ထိုမြို့နယ် ဇီးပြောင်း(၅) ကျေးရွာဘက်ကို ပြန်ဆုတ်လာတာ ဖြစ်ပါတယ်။

စစ်ကြောင်းပြန်ဆုတ်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ နိုဝင်ဘာ ၁၆ ရက်နေ့အထိ ကျိုက်ထိုမြို့နယ် ခမောက်ခွေ၊ ကော်ကပ်နဲ့နတ်စင်ကျေးရွာတို့မှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ပိတ်မိနေတဲ့ စစ်ကြောင်းတွေ ပြန်ထွက်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နဲ့အမျှ လုပ်ဆောင်ပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဇီးပြောင်း(၁)ကျေးရွာနေ ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရှိထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် နှစ်ဦး ကျဆုံးထားပြီး အာဏာသိမ်း စစ်တပ်ဘက်က အနည်းဆုံး ၁၀၀ ထက်မနည်း ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျိုက်ထို တိုက်ပွဲတွေကြောင့် ကညင်အိုင် ၊ ခမောက်ခွေ၊ ကော်ကပ်၊ ကျောက်ဖျာ၊ မိုးဘောနတ်စင်၊ ချောင်းစောင့်၊ ဇီးပြောင်း ၆ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံ ၁၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.