တိုကျို၊ ဒီဇင်ဘာ ၂၆
ဒေသတွင်း တင်းမာမှု မြင့်တက်လာနေချိန်မှာ ဂျပန်အစိုးရက လာမယ့်နှစ် ကာကွယ်ရေးအတွက် ဒေါ်လာ ၅၈ ဘီလီယံအထိ စံချိန်တင် သုံးစွဲမယ့် အစီအစဉ်ကို ဒီဇင်ဘာ ၂၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။
ဂျပန်စစ်တပ်ရဲ့ ပြန်လည် တိုက်ခိုက်နိုင်စွမ်း အားကောင်းလာစေရေး၊ ခရု့ဇ်ဒုံးကျည်တွေနဲ့ ကမ်းရိုးတန်း ကာကွယ်ရေး၊ ဒရုန်းနဲ့ လူမလိုတဲ့ လက်နက်စနစ်တွေ ပိုင်ဆိုင်နိုင်ရေး ရည်ရွယ်ပြီး အခုလို ကာကွယ်ရေး အသုံးစရိတ်ကို စံချိန်တင် သုံးစွဲခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

၂၀၂၅ ဘဏ္ဍာရေးနှစ်က ဘက်ဂျက်ထက် အခု ဘက်ဂျက် လျာထားမှုဟာ ၉ ဒသမ ၄ ရာခိုင်နှုန်း ပိုမို မြင့်တက်လာတာ ဖြစ်ပါတယ်။
ဂျပန်က ပြည်တွင်း ထုတ်ကုန်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို လက်နက်တွေအတွက် ၅ နှစ်ကြာ သုံးစွဲဖို့ စီစဉ်ထားပြီး အခု စတုတ္ထနှစ်ထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဂျပန်ရဲ့ ကာကွယ်ရေး အသုံးစရိတ် စံချိန်တင် တိုးမြှင့်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီက တရုတ်က ထိုင်ဝမ်ကို စစ်အင်အားနဲ့ သိမ်းယူဖို့ ကြိုးပမ်းလာရင် ဂျပန်အနေနဲ့ စစ်ရေးအရ ဝင်ပါရနိုင်တယ်လို့ နိုဝင်ဘာလက ပြောကြားခဲ့ပါတယ်။
စစ်အင်အားတိုးမြှင့်ဖို့ အမေရိကန်ရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်အစိုးရက ကာကွယ်ရေး အသုံးစရိတ်ကို မတ်လရောက်ရင် နိုင်ငံ့ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းအထိ သုံးမယ်လို့ ကတိပြုထားပါတယ်။
ဒါက အရင်က စီစဉ်ထားတဲ့အချိန်မတိုင်ခင် နှစ်နှစ်စောပြီး တိုးမြှင့် သုံးစွဲဖို့ အကောင်အထည်ဖော်မှု ဖြစ်ပါတယ်။
ဂျပန်က စစ်အင်အား အားကောင်းလာစေရေး လက်ရှိ သူတို့ရဲ လုံခြုံရေးနဲ့ ကာကွယ်ရေးမူဝါဒတွေကို ၂၀၂၆ ဒီဇင်ဘာ မတိုင်ခင် ပြန်လည် သုံးသပ်ဖို့လည်း စီစဉ်ထားပါတယ်။
ဂျပန်မှာ သက်ကြီးရွယ်အိုတွေ ပိုများလာပြီး လူဦးရေ လျော့ကျမှုနဲ့ အတူ စစ်တပ်မှာ ဝန်ထမ်းအင်အား လိုအပ်ချက်တွေကြောင့် လူမလိုတဲ့ လက်နက်တွေက အားဖြည့်ပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။
၂၀၂၈ ခုနှစ် မတ်လ မတိုင်ခင် အသက်ဝင်လာမယ့် အစီအစဉ်အရ ဂျပန်က သူတို့ရဲ့ ကမ်းရိုးတန်းဒေသတွေကို မောင်းသူမဲ့ လေယာဉ်တွေ မောင်းသူမဲ့ ရေငုပ်သင်္ဘောတွေနဲ့ ကာကွယ်ဖို့ စီစဉ်ထားပါတယ်။
ဂျပန်ဟာ သူတို့နဲ့ ရင်းနီးခင်မင်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ပြည်တွင်းမှာ လက်နက်ထုတ်လုပ်မှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။
Ref:AP

