ဘေဂျင်း၊ ဒီဇင်ဘာ ၂၆
ထိုင်ဝမ်သို့ အမေရိကန်ရဲ့ နောက်ဆုံး လက်နက် ရောင်းချမှုကို တရုတ်က ဒီဇင်ဘာ ၂၅ ရက်မှာ ဝေဖန်ပြီး ထိုင်ဝမ် ရေလက်ကြားမှာ စစ်ပွဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ပိုမို မြန်ဆန်လာစေတယ်လို့ ပြောလိုက်ပါတယ်။
ထိုင်ဝမ်သို့ အကြီးမားဆုံး လက်နက် ရောင်းချမှုအဖြစ် အမေရိကန်က ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ လက်နက်တွေ ရောင်းချမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့တာပါ။

အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အင်အားသုံးတဲ့ အစီအစဉ်တွေ ပြုလုပ်သွားမယ်လို့ တရုတ်က အရင်ကလည်း ခြိမ်းခြောက်ခဲ့ပါတယ်။
ထိုင်ဝမ်သို့ အမေရိကန်က လက်နက် ရောင်းချမှု အရှိန်မြှင့်နေတာနဲ့ ထိုင်ဝမ်ကို ပိုပြီး လက်ခံလာမှုကြောင့် စစ်ပွဲ ဖြစ်ပွားနိုင်တဲ့ အန္တရာယ် ပိုမို မြန်ဆန်လာစေတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်း ကျာအိုကျန်းက ပြောပါတယ်။

အမေရိကန်အနေနဲ့ ရန်စမှုအားလုံး ရပ်တန့်သင့်ပြီး သူတို့ရဲ့ မှားယွင်းနေတဲ့ လမ်းကြောင်းကို အမှန်ပြင်သင့်တယ်လို့ သူက ဒီဇင်ဘာ ၂၅ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ကြားဝင် စွက်တာ ဖြစ်ပြီး ထိုင်ဝမ်ရှိ လွတ်လပ်ရေး လိုလားတဲ့ ခွဲထွက်သမားတွေကို မှားယွင်းတဲ့ အချက်ပြမှု ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
တရုတ် တပြည်ထောင်တည်း မူကို လေးစားလိုက်နာဖို့နဲ့ ထိုင်ဝမ် ကိစ္စဟာ အတိမ်းအစောင်းမခံနိုင်ဘူးဆိုတာကို အမေရိကန်က နားလည်သင့်တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၁၈ ရက်က အမေရိကန်အစိုးရ ခွင့်ပြုခဲ့တဲ့ လက်နက် ရောင်းချမှုမှာ HIMARS ဒုံးကျည်စနစ်တွေ၊Javelin သံချပ်ကာကားဖျက် ဒုံးကျည်တွေ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ ဒရုန်းတွေ ပါဝင်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိုင်ဝမ်အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရေး လုံလောက်တဲ့ အင်အားရှိလာအောင်အထိ အမေရိကန်က ဆက်လက် ကူညီပေးသွားမယ်လို့ ကတိပြုထားကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဝါရှင်တန်က တရုတ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး ရှိပေမယ့် ထိုင်ဝမ်နဲ့တရားဝင် မဟုတ်တဲ့ ဆက်ဆံကို ထိန်းသိမ်းထားပြီး စစ်လက်နက် အဓိက ထောက်ပံ့သူအနေနဲ့ ကူညီနေပါတယ်။
အဲဒီလို လက်နက်ရောင်းချမှုတွေကြောင့် တရုတ်နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေပေမယ့် အမေရိကန်က ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရေး ထိုင်ဝမ်ကို ကူညီပေးဖို့ ဥပဒေအရ ချည်နှောင်မှု ရှိနေပါတယ်။
ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူတို့ရဲ့ ဒေသတစ်ခု အဖြစ် သတ်မှတ်ထားပြီး သူတို့ အုပ်ချုပ်မှုအောက်ထားရှိရေး အင်အား အသုံးပြုဖို့လိုအပ်ရင် အသုံးပြုမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
တရုတ်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်တယ်ဆိုတဲ့ ပြောဆိုမှုကို ထိုင်ဝမ်က ပယ်ချထားပြီး မိမိတို့ အနာဂတ်ကို ထိုင်ဝမ် ပြည်သူတွေကပဲ ဆုံးဖြတ်ခွင့်ရှိတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
Ref:Agencies

