ကိဗ်၊ ဒီဇင်ဘာ ၂၆
ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အဆောက်အဦတွေကို ဗြိတိန်နိုင်ငံထုတ် Storm Shadow ခရု့ဇ် ဒုံးကျည်တွေ၊ ပြည်တွင်းထုတ် တာဝေး ဒရုန်းတွေနဲ့ ဒီဇင်ဘာ ၂၅ ရက်မှာ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ကာကွယ်ရေးနဲ့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။
မော်စကိုရဲ့စစ်ပွဲ ဆက်လက် ဆင်နွှဲနိုင်ဖို့ ကူညီပေးနေတဲ့ အခြေခံ အဆောက်အဦတွေကို ယူကရိန်းက တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်နေပါတယ်။

ရုရှား စစ်တပ်ကို ထောက်ပံ့ရာမှာ အရေးပါတဲ့ စက်မှုလုပ်ငန်းနေရာတွေကို ဗြိတိန်နိုင်ငံထုတ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းက အရင်ကလည်း ကြေညာဖူးပါတယ်။
ရုရှားနိုင်ငံ ရော့ဗ်စတော့ဗ်ဒေသရှိ ရေနံ သန့်စင်စက်ရုံကို မိမိတို့ လေတပ်က Storm Shadow ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း စစ်ဦးစီးချုပ်က ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှု အများအပြား ဖြစ်ပွားခဲ့ပြီး ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ သူက တယ်လီဂရမ်မှာ ကြေညာထားပါတယ်။
အမေရိကန်က ယူကရိန်းသို့ လက်နက် ပေးပို့ကူညီမှု လျှော့ချလိုက်ပြီးနောက် ဥရောပက အကူအညီ ပိုပေးလာချိန်မှာ ဗြိတိန်က ကိဗ်အတွက် တာဝေးပစ် Storm Shadow ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ရေနံသန့်စင် စက်ရုံဟာ ရုရှားတောင်ပိုင်းမှာ ရေနံ ထုတ်ကုန်တွေ အများဆုံး ထောက်ပံ့နေတဲ့ စက်ရုံ တစ်ရုံ ဖြစ်ပြီး ရုရှား စစ်တပ်အတွက် ဒီဇယ်နဲ့ လေယာဉ်ဆီတွေ ထောက်ပံ့နေတာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ရုရှားနိုင်ငံ ခရက်စ်နိုဒါဒေသရှိ ဆိပ်ကမ်း တစ်ခုမှာ ထားရှိတဲ့ ရေနံ သိုလှောင်ကန်တွေကို မိမိတို့က တာဝေး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း လုံခြုံရေးဌာနက ပြောပါတယ်။
ရုရှား အနောက်တောင်ပိုင်း အိုရန်ဘာ့ဂ်ဒေသရှိ ဓာတ်ငွေ့ ထုတ်လုပ်ရေး စက်ရုံကိုလည်း ယူကရိန်းက တိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်း နယ်စပ်ကနေ ကီလိုမီတာ ၁၄၀၀ အကွာမှာ ရှိတဲ့ ကမ္ဘာအကြီးမားဆုံး ဓာတ်ငွေ့ စက်ရုံကို မိမိတို့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း လုံခြုံရေးဌာနက ဆိုပါတယ်။
ယူကရိန်းမှာ ရုရှား ကျူးကျော် စစ်လေးနှစ်နီးပါး ကြာမြင့်လာပြီး စစ်ပွဲ အဆုံးသတ်ရေး သံတမန် နည်းလမ်းနဲ့ ကြိုးပမ်းမှုတွေ ရလဒ် မထွက်ပေါ်နိုင်ဖြစ်နေချိန် စွမ်းအင် အဆောက်အဦတွေကို နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှု အရှိန်မြင့်လာပါတယ်။
ရုရှားဟာ စစ်ပွဲ ဆက်လက် ဆင်နွှဲဖို့ လိုအပ်တဲ့ အဓိက ဝင်ငွေတွေကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချမှုက ရရှိနေတာကြောင့် ယူကရိန်းက အဲဒီလို နေရာတွေကို အရှိန်မြှင့် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့်လည်း ယူကရိန်းနိုင်ငံ တဝှမ်း လျပ်စစ် ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပြီး ဆောင်းရာသီကာလမှာ အပူပေးစက်တွေ အသုံးပြုဖို့ အခက်ကြုံနေရပါတယ်။
ရုရှားရဲ့ အဓိက ဝင်ငွေ အရင်းအမြစ်တွေကို ဖြတ်တောက်ရေး အနောက်တိုင်းက ဒဏ်ခတ် ပိတ်ဆို့မှုတွေ အများကြီး ပြုလုပ်ထားပေမယ့် တရုတ်နဲ့ အိန္ဒိယတို့လို နိုင်ငံတွေက ရုရှား ရေနံတွေကို လျှော့ဈေးနဲ့ ဝယ်ယူနေကြတာကြောင့် ရုရှား ဝင်ငွေတွေ ဆက်လက် ရရှိနေပါတယ်။
Ref:Reuters

