ဒါကာ၊ ဒီဇင်ဘာ ၂၅
ပြည်ပမှာ ၁၇ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးနောက် ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ တစ်ပြေးနေသူ တာရစ် ရာမန် မိခင်နိုင်ငံသို့ ပြန်လာပြီ ဖြစ်ပါတယ်။
အသက် ၆၀ အရွယ် ရာမန်ဟာ သြဇာကြီးမားတဲ့ ဇီယာမိသားစုရဲ့ အကြီးအကဲ ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာရဲ့ သားဖြစ်ပါတယ်။
သူဦးဆောင်နေတဲ့ ဘင်္ဂလားဒေ့ချ် အမျိုးသားရေးပါတီ BNP ဟာ လာမယ့်နှစ် ကျင်းပမယ့် ဘင်္ဂလားဒေ့ချ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး အာဏာပြန်ရဖို့ မျှော်လင့်ထားပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက လန်ဒန်မှာ နေထိုင်နေတဲ့ ရာမန်ဟာ BNP ပါတီ မဲအများဆုံး နိုင်ခဲ့ရင် ခေါင်းဆောင်သစ် ဖြစ်လာမယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာ ပြီးခဲ့တဲ့နှစ်က ဖြုတ်ချခံရပြီး ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေချိန်မှာ ရာမန် ပြန်လာတာ ဖြစ်ပါတယ်။
သူဟာ ဟာဆီနာရဲ့ Awami League ပါတီ အာဏာရနေချိန်က ရာဇဝတ်မှု အမျိုးမျိုးနဲ့ စုံစမ်းစစ်ဆေးခံခဲ့ရပြီး အရင်အစိုးရအဖွဲ့ ပြိုလဲချိန်မှာ စွဲချက်တွေ အားလုံး ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

ဟာဆီနာဟာ အိန္ဒိယမှာ တိမ်းရှောင်နေပြီး သူ့ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့် ပေးနိုင်ခြေ မရှိပါဘူး။
အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နှင်းခိုင်းခဲ့တဲ့အတွက် ဟာဆီနာကို ပြီးခဲ့တဲ့ လမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
ကျောင်းသားတွေ ဦးဆောင်တဲ့ လူထု အုံကြွမှုအတွင်း လူ ၁၄၀၀ အထိ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောထားပါတယ်။
မျက်ကွယ်မှာ အမှု စစ်ဆေးခံခဲ့ရတဲ့ ဟာဆီနာက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်ကို ပယ်ချထားပါတယ်။
လာမယ့် ဖေဖော်ဝါရီမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘင်္ဂလားဒေ့ချ် ရာဇဝင်မှာ နောက်ဆက်တွဲ သက်ရောက်မှု အများဆုံးရှိမယ့် ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ အများက ရှုမြင်ထားကြပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နိုင်ငံရေးဆိုင်ရာ လုပ်ကြံသတ်ဖြတ်မှုတွေလည်း မကြာခဏ ဖြစ်ပွားလာနေပါတယ်။
ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ လူငယ် ခေါင်းဆောင် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး စင်ကာပူသို့ သွားရောက် ဆေးကုသနေချိန် သေဆုံးမှုကြောင့် မကြာသေးခင်က မငြိမ်သက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
နာမည်ကြီး နေ့စဉ် သတင်းစာတိုက် နှစ်တိုက် တိုက်ခိုက် ဖျက်ဆီးခံခဲ့ရပြီး ဆန္ဒပြသူတွေက သေနတ်သမားတွေကို ဖမ်းဆီးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
Ref: BBC

