ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၅
ဥရောပအနေနဲ့ ဆုံးဖြတ်ချက် မှားရင် ကြီးမားတဲ့ လုံခြုံရေး အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း နေတိုးအဖွဲ့ အကြီးအကဲ မက်ခ် ရူတီက သတိပေးလိုက်ပါတယ်။
၂၀၂၅ ခုနှစ်ကုန်တော့မယ့် အချိန်မှာ ယူကရိန်းကို ဆက်လက် ကူညီ ထောက်ပံ့ကြဖို့လည်း သူက ဥရောပနိုင်ငံတွေကို တိုက်တွန်း ပြောကြားပါတယ်။

နေတိုး အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကို ရုရှားက မတိုက်ခိုက်လာအောင် ကြိုတင် ကာကွယ်ဖို့ဆိုရင် ယူကရိန်း အင်အား တောင့်တင်းနေမှဖြစ်မယ်လို့ ရူတီက dpa သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောပါတယ်။
နေတိုး အဖွဲ့ဝင်တွေအနေနဲ့လည်း ဇွန်လက သည်ဟေ့ဂ်မြို့မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ သဘောတူခဲ့တဲ့ ကတိတွေ အတိုင်း ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
အဲဒီကိစ္စ နှစ်ခုကို မိမိတို့ လုပ်ထားပြီးတော့ ကိုယ်ကိုယ်ကို ကာကွယ်ဖို့ အင်အား တောင့်တင်းနေမယ်ဆိုရင် ရုရှား သမ္မတ ပူတင်အနေနဲ့ လုံးဝ ကြိုးစားမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

နေတိုးအဖွဲ့ အနေနဲ့ အလျင်အမြန် လက်နက် တပ်ဆင်ဖို့ လိုအပ်နေပြီး အဲဒီလို မလုပ်ရင် လုံခြုံရေး အခြေအနေက ၂၀၂၇ ခုနှစ်မှာ အစောဆုံး အန္တရာယ် ကျရောက်လာနိုင်တယ်လို့ နယ်သာလန် ဝန်ကြီးချုပ်ဟောင်း ရူတီက ပြောပါတယ်။
ရုရှားရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ အခုအချိန်မှာ နိုင်ငံ့ဝင်ငွေရဲ့ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်ကြောင်း သူက ထောက်ပြ ပြောဆိုထားပါတယ်။
ယူကရိန်း စစ်ပွဲကို လေ့လာကြည့်ရင် ပူတင်ဟာ အဆုံးရှုံးခံဖို့ ဆန္ဒရှိတာကို တွေ့ရမှာ ဖြစ်ကြောင်းနဲ့ ရုရှား စစ်သား ၁ ဒသမ ၁ သန်းကျော် သေဆုံးသွားပြီ ဖြစ်ကြောင်း ရူတီက ပြောပါတယ်။
ယူကရိန်းကို အရင်က အမေရိကန်က အဓိက ကူညီပေးခဲ့ပေမယ့် အိမ်ဖြူတော်သို့ ထရန့် ရောက်လာပြီးနောက် ဝါရှင်တန်ရဲ့ နေရာကို ဥရောပက ဝင်ဖြည့်ပေးနေရပါတယ်။
ပူတင်အနေနဲ့ ယူကရိန်းကို အောင်နိုင်သွားရင် အဲဒီမှာပဲ ရပ်တန့်နေမှာ မဟုတ်ဘဲ နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ဆက်လက် တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဥရောပမှာ မြင့်တက်နေပါတယ်။
Ref: dpa

