ဘန်ကောက်၊ ဒီဇင်ဘာ ၂၅

လူ ၈၆ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ပြင်းထန်တဲ့ နယ်စပ်တိုက်ပွဲတွေ ၁၆ ရက်ကြာ ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ ပြန်စတင်ဖို့ အိမ်နီးချင်း နှစ်နိုင်ငံ သဘောတူညီခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ဖက်ဆိုင်ရာအရာရှိတွေ ဒီဇင်ဘာ ၂၄ ရက်က ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ကြောင်း နှစ်နိုင်ငံစလုံးက ပြောပါတယ်။

ဇူလိုင်လက နှစ်နိုင်ငံ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အာဆီယံဥက္ကဋ္ဌ မလေးရှားနဲ့ အမေရိကန်တို့ ကနဦး ကြားဝင် စေ့စပ်ပေးခဲ့တဲ့ အပစ်ရပ် သဘောတူညီမှု ဆက်လက် တည်မြဲရေး ကြိုးပမ်းတဲ့အနေနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူး အစည်းအဝေးအတွင်း အဲဒီကိစ္စကို ဆွေးနွေးခဲ့ပြီး နှစ်ရက်အကြာမှာ ထိုင်းနဲ့ကမ္ဘေားဒီးယား စစ်ဖက်ဆိုင်ရာ အရာရှိတွေ ဆွေးနွေးမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က စတင်ခဲ့တဲ့ အထွေထွေ နယ်စပ်ရေးရာကော်မတီ အစည်းအဝေးဟာ သုံးရက် ကြာမှာ ဖြစ်ပြီး သဘောတူညီမှု တစ်ရပ်အတွက် လမ်းဖွင့်ပေးနိုင်မှာ ဖြစ်တယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဆူရာဆန် ခွန်သီရိက ပြောပါတယ်။

၈၁၇ ကီလိုမီတာ ရှည်လျားတဲ့ နှစ်နိုင်ငံ နယ်စပ် တောင်ဖက်ဆုံးရှိ စစ်ဆေးရေးဂိတ်မှာ ဆွေးနွေးပွဲတွေ ကျင်းပနေတာ ဖြစ်ပါတယ်။

ဆွေးနွေးမှုတွေ အဆင်ပြေချောမွေ့ပြီး သဘောတူညီမှု တစ်ရပ်ဆီကို ဦးတည် သွားစေမယ်ဆိုရင်တော့ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေ ဒီဇင်ဘာ ၂၇ ရက်မှာ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဆူရာဆန်က သတင်းထောက်တွေကို ပြောပါတယ်။

နှစ်နိုင်ငံစလုံးက စစ်ဗိုလ်ချုပ်တွေ ဦးဆောင်ပြီးတော့ ဆွေးနွေးမှုတွေကို ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲမှာ စတင်ခဲ့တာ ဖြစ်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ အမျိုးသမီး မာလီ ဆိုချီတာက ပြော ပါတယ်။

တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားပြီး တရုတ်၊ မလေးရှားနဲ့ အမေရိကန်တို့က ဆွေးနွေးရေး စားပွဲဝိုင်းဆီ နှစ်ဖက်ရောက်ရှိလာစေရေး ကြိုးပမ်းမှု မအောင်မြင် ဖြစ်ခဲ့ပြီးနောက် အခုလို ဆွေးနွေးမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အောက်တိုဘာလက ကွာလာလမ်ပူမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ရှေ့မှောက် နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး နောက်ပိုင်း သဘောတူညီမှု ချိုးဖောက်ပြီး တိုက်ခိုက်မှုတွေ ရန်စမှုတွေ ပြုလုပ်နေတယ်လို့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှု ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ဖြစ်ပွားနေတဲ့ ဒေသတွေမှာ မိုင်းရှင်းလင်းရေး၊ တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကြီးတွေ ပြန်သိမ်းယူရေး အဲဒီသဘောတူညီမှုက သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ဆွေးနွေးမှုတွေ စတင်ခဲ့ပေမယ့် နှစ်နိုင်ငံကြား ဒီဇင်ဘာလဆန်းပိုင်း ကတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

တိုက်ပွဲတွေ စတင်ကတည်းက ကမ္ဘောဒီးယားမှာ အရပ်သား ၂၁ ဦး သေဆုံးခဲ့ပြီး ၅ သိန်းကျော် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ထိုင်းဖက်မှာတော့ သေဆုံးသူ ၆၅ ဦးထက်မနည်း ရှိပြီး လူပေါင်း တစ်သိန်းခွဲကျော် စစ်ဘေးရှောင်နေကြတယ်လို့ အရာရှိတွေက ပြောပါတယ်။

ကမ္ဘောဒီးယား-ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးသူ အရေအတွက် ပိုများလာတာကြောင့် စိုးရိမ်မိကြောင်း အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထိုင်းတိုက်လေယာဉ်တွေက လူနေရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကမ္ဘောဒီးယားက စွပ်စွဲထားပြီး ထိုင်းက ကမ္ဘောဒီးယား စစ်သားတွေရဲ့ တိုက်ခိုက်မှုကြောင့် လက်တုံ့ပြန် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ပြောထား ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.