မကွေး နိုဝင်ဘာ ၁၇
မကွေးတိုင်း စလင်း-စေတုတ္တရာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်ဘက်က ၆ ဦးသေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စလင်းမြို့နယ် ကံပြားနဲ့ စေတုတ္တရာမြို့ကို ချိတ်ဆက်ထားတဲ့ လမ်းပိုင်း တစ်နေရာမှာ အာဏာသိမ်းစစ်တပ်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက မြင်တွေ့ခဲ့ရတာပါ။
“ကျွန်တော်တို့ ဖြတ်လာတော့ သေတဲ့သူတွေက သေလို့။ ဒဏ်ရာရသူတွေကလည်း သွေးအိုင်ထဲမှာ လဲနေတာကို တွေ့ခဲ့တယ်။” လို့ ကားသမားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာမှာ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ၉ ဦး ထိခိုက်သေဆုံးနေတာကို မျက်မြင်တွေ့ခဲ့ရပြီး ပစ်ခတ်မှုတွေကိုတော့ မကြုံခဲ့ရဘူးလို့ အဲဒီကားသမားက ပြောပါတယ်။
စလင်းမြို့နယ် ပြည်သူ့ဆေးရုံနဲ့ နီးစပ်သူတစ်ဦးကတော့ ပြင်းထန်ဒဏ်ရာရသူ ၃ ယောက်ပဲ ရောက်လာပြီး ၆ ဦးသေဆုံးတယ်လို့ ကြားသိရကြောင်း ပြောပေမဲ့ သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
သေဆုံးသွားတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံတွေဟာ ပြည်သူတွေရဲ့ ကားနဲ့ လိုက်ပါလာတယ်လို့ ယူဆရပြီး တိုက်ခိုက်ခံရတာကြောင့် လက်နက်ဆုံးရှုံးမှုတွေရှိတယ်လို့ အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်သူတွေက ပြောဆိုနေကြပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် အချိန်ကြာသည်အထိ အာဏာသိမ်းစစ်တပ်ဘက်က အလောင်းတွေ မကောက်နိုင်သေးဘဲ ညဘက်ရောက်မှသာ ကောက်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက်မှာတော့ စလင်းအခြေစိုက် ခလရ ၂၅၃၊၂၅၄ က အာဏာသိမ်းစစ်တပ်လက်အောက်ခံ ၂၀ ဝန်းကျင်နဲ့စေတုတ္တရာ ကပစ ၂၀ က စစ်ကူတွေပူးပေါင်းပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကြောင်းထိုးနယ်မြေရှင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
စလင်း-စေတုတ္တရာလမ်းပိုင်းကို အာဏာသိမ်းစစ်တပ်က ချင်းနဲ့ မကွေးအစပ်ကို စစ်ကူပို့ဖို့အသုံးပြုနေတာဖြစ်ပြီး တိုက်ပွဲနဲ့ပတ်သက်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်

