မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ စစ်တပ်ဗုံးကြဲမှု အရပ်သား ၅ ဦး သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ

ရေး၊ နိုဝင်ဘာ ၁၇

အပစ်ရပ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးချောင်းဖျားဒေသမှာ အာဏာသိမ်း စစ်တပ်ရဲ့ နှစ်ရက်ဆက် လေကြောင်းဗုံးကြဲမှုအတွင်း အရပ်သား ၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က အသိပေးထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲမရှိဘဲ ရေးချောင်းဖျားဒေသ ဖလံချောင်းဝကျေးရွာကို နိုဝင်ဘာ ၁၅ ရက်နေ့ ည ၁၁ နာရီမှာ တစ်ကြိမ်၊ နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၂ နာရီမှာ တစ်ကြိမ်၊ လေကြောင်းကနေ ဗုံး ၁၀ လုံးထက်မနည်း ကြဲချထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၆ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာလည်း ရေးချောင်းဖျားဒေသရှိ ချဲတိုက်ရွာကို လေကြောင်းကနေ ထပ်မံဗုံးကြဲသွားတာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု များပြားခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဖလံချောင်းဝကျေးရွာနဲ့ချဲတိုက်ကျေးရွာမှာ အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ဆေးပေးခန်း ၂ ခန်းနဲ့ နေအိမ်အလုံး ၂၀ ထက်မနည်း ပျက်စီးခဲ့ပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံဆေးခန်းတွေ၊ လူနေအိမ်နဲ့ အရပ်ဘက်ဆိုင်ရာ အဆောက်အအုံနဲ့ပစ္စည်းတွေကို တရားလက်လွတ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုဖြစ်သလို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်တယ်လို့ NRFF က ပြောပါတယ်။

ရေးချောင်းဖျားဒေသဟာ စစ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထိတွေ့လျက်ရှိတဲ့ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေဖြစ်ပြီး စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ဒါကြောင့် မွန်တော်လှန်ရေးရဲ့ တပ်ဦးပါတီအဖြစ် ရပ်တည်ခဲ့ပြီး မွန်လူထုရဲ့ လွတ်လပ်ခွင့်၊ တရားမျှတမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ဖို့ ကတိကဝတ်ပြုထားတဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ မိမိတို့ရဲ့ အရပ်သားပြည်သူလူထုကို အကာအကွယ်ပေးဖို့ မဖြစ်မနေ လိုအပ်တယ်လို့ NRFF က ထောက်ပြထားပါတယ်။

အခုလို စစ်တပ်က အပစ်အခတ်ရပ်စဲရေးစာချုပ်အား ချိုးဖောက်ကာ ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်တာ၊ လူထုအား အနိုင်ကျင့်စော်ကားမှုတွေအပေါ် ငြိမ်ခံနေတာဟာ မွန်ပြည်သစ်ပါတီသာမက မွန်တော်လှန်ရေးရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေရာ ဖြစ်တယ်လို့ NRFF က ဆိုထားပါတယ်။

ဒါကြောင့် မွန်ပြည်သစ်ပါတီအနေနဲ့ စစ်အုပ်စုကို အရေးယူတုံ့ပြန်မှုတွေ မဖြစ်မနေ ပြသဖို့ လိုအပ်ပြီး လေးစားမှု မရှိတဲ့ စစ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲတာ၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို အလေးအနက်ထား စဉ်းစားသုံးသပ်ဖို့ လိုအပ်တယ်လို့ NRFF က တိုက်တွန်းထားပါတယ်။

ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးချောင်းဖျားဒေသ စစ်တပ်ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.