ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၇
ဒေါ်လာ ဘီလီယံပေါင်းများစွာ ပါဝင်တဲ့ နိုင်ငံတော် ရန်ပုံငွေ အရှုပ်တော်ပုံနဲ့ပတ်သက်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်ကို အာဏာအလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှုတို့နဲ့ ထောင် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။
1MDB လို့ လူသိများတဲ့ မလေးရှား အချုပ်အခြာအာဏာပိုင် ရန်ပုံငွေတွေထဲက ဒေါ်လာ ၅၉၆ သန်းကို အသက် ၇၂ နှစ်အရွယ် နာဂျစ်က တလွဲသုံးစွဲခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။

ဒါဟာ သူ့ရဲ့ ဒုတိယမြောက်အမှု ဖြစ်ပြီး အာဏာ အလွဲသုံးစားလုပ်မှု စွဲချက် ၄ ခု၊ ငွေကြေးခဝါချမှု စွဲချက် ၂၁ ခုအတွက် နာဂျစ်မှာ အပြစ်ရှိကြောင်း ဒီဇင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းမှာ တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်းဟာ အဲဒီ နိုင်ငံတော် ရန်ပုံငွေနဲ့ ပတ်သက်တဲ့ နောက်အမှု တစ်ခုနဲ့ ပြီးခဲ့တဲ့ နှစ်တွေက ပြစ်မှု ထင်ရှားတာကြောင့် ထောင်ကျခံထားရပြီး ဖြစ်ပါတယ်။
မျက်မြင်သက်သေ ၇၆ ဦးအထိ ခေါ်ယူခဲ့ရတဲ့ ၇ နှစ်ကြာ ကြားနာစစ်ဆေးမှုများပြီးနောက် ဒီဇင်ဘာ ၂၆ ရက်က တရားရုံး အမိန့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ကတည်းက ထောက်ကျခံနေရတဲ့ နာဂျစ်ဟာ အာဏာ အလွဲသုံးစားလုပ်မှု စွဲချက်တွေနဲ့ ပတ်သက်လို့ ထောင်ဒဏ် ၁၅ နှစ်အပြင် ငွေကြေး ခဝါချမှု စွဲချက် ၂၁ ချက်မှာ စွဲချက် တစ်ချက်စီ အတွက် ထောင်ဒဏ် ၅ နှစ်ကျခံရမှာ ဖြစ်ပါတယ်။
မလေးရှား ဥပဒေအရ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်တွေကို တစ်ဆက်တည်း ကျခံရမှာ ဖြစ်ပါတယ်။
နာဂျစ်က သူ့ရဲ့ လက်ကျန်ထောင်ဒဏ်ကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲပေးဖို့ တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
မတရားဆုံးဖြတ်မှုတွေရဲ့ သားကောင် ဖြစ်တယ်လို့ သူ့ကိုယ်သူ ပြောထားတဲ့ နာဂျစ်မှာ ထောက်ခံသူတွေ ရှိနေဆဲ ဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်က သူ့ကို လွှတ်ပေးဖို့ တောင်းဆိုသူတွေ ရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မလေးရှား နိုင်ငံတော် ရန်ပုံငွေ အရှုပ်တော်ပုံ ထွက်ပေါ်လာချိန်မှာ ကမ္ဘာတဝှမ်း သတင်းခေါင်းကြီးပိုင်းတွေမှာ ပါလာခဲ့ပါတယ်။
နိုင်ငံတော်ရန်ပုံငွေတွေထဲက ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကို နာဂျစ် အပါအဝင် လူပုဂ္ဂိုလ်တွေရဲ့ အိတ်ထဲ ပြောင်းထည့်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ခန့်မှန်းထားပါတယ်။
နာဂျစ်ရဲ့ ရှေ့နေတွေက သူဟာ သူ့ရဲ့ ဘဏ္ဍာရေးမှူး ဂျိုလိုး အပါအဝင် အကြံပေးပုဂ္ဂိုလ်တွေကြောင့် တလွဲလိုက်လုပ်မိခဲ့တာလို့ တရားရုံးမှာ လျှောက်လဲခဲ့ကြပါတယ်။
ဂျိုလိုးကတော့ သူအပြစ်မရှိဘူးလို့ ပြောဆိုထားပြီး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်က နာဂျစ်ဟာ အာဏာ အလွဲသုံးစားလုပ်မှု၊ ငွေကြေး ခဝါချမှု ၊ ယုံကြည်မှု ချိုးဖောက်မှုတို့ အတွက် ပြစ်မှု ထင်ရှားခဲ့ပြီး ဖြစ်ပါတယ်။
သူဟာ ထောင် ၁၂ နှစ် ချမှတ်ခံခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်က သူ့ရဲ့ ထောင်ဒဏ်ကို ထက်ဝက် လျှော့ချပေးခဲ့ ပါတယ်။
နာဂျစ်က သူလက်ခံရရှိခဲ့တဲ့ ငွေတွေဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား ဘုရင် အဗဒူလာ လှူဒါန်းတဲ့ ငွေတွေလို့ ယုံကြည်ပြီး လက်ခံခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ ပေမယ့် တရားသူကြီးတွေက ပယ်ချခဲ့ပါတယ်။
သီးခြားအနေနဲ့ နာဂျစ်ရဲ့ ဇနီး ရော့စမာ မန်ဆောလည်း လာဘ်ပေးလာဘ်ယူမှုနဲ့ ၂၀၂၂ ခုနှစ်မှာ ထောင် ၁၀ နှစ် ချမှတ်ခံခဲ့ရပေမယ့် အာမခံနဲ့ ပြန်လွတ်မြောက်လာခဲ့ပါတယ်။
အခုလို အရှုပ်တော်ပုံကြောင့် မလေးရှား နိုင်ငံရေး လောကမှာ တန်ပြန်ရိုက်ခတ်မှုတွေ အများကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။
Ref:BBC

