ဆိုးလ်၊ ပြုံးယမ်း၊ ဒီဇင်ဘာ ၂၇
စစ်တပ်အတွက် လိုအပ်နေတဲ့ ဒုံးကျည်တွေ အပြည့်အဝ ရရှိရေး စက်ရုံတွေ ပိုမို တည်ဆောက်ကြဖို့နဲ့ ဒုံးကျည် ထုတ်လုပ်မှု အရှိန်မြှင့်တင်ကြဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က အရာရှိတွေကို ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
မကြာသေးခင်နှစ်တွေက မြောက်ကိုရီးယားဟာ တိကျစွာ ပစ်ခတ်နိုင်တဲ့ စွမ်းရည် တိုးတက်လာစေဖို့ ရည်ပြီး ဒုံးကျည် စမ်းသပ်မှုတွေ သိသိသာသာ တိုးမြှင့် လုပ်ဆောင်လာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တောင်ကိုရီးယားအပြင် အမေရိကန်ကို စိန်ခေါ်ဖို့နဲ့ အဓိက မဟာမိတ် ရုရှားဆီကို ဒုံးကျည်တွေ မပို့ခင် စမ်းသပ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ထိပ်တန်းအရာရှိတွေနဲ့အတူ ဒုံးကျည် ထုတ်လုပ်ရေး စက်ရုံတွေဆီ ကင်ဂျုံအန် သွားရောက်ခဲ့ပြီး လာမယ့်နှစ်မှာ အလုပ်များမှာဖြစ်လို့ ကြိုတင် ပြင်ဆင်ထားကြဖို့ ညွှန်ကြားခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား စစ်တပ်ရဲ့လိုအပ်ချက် ပြည့်မှီစေရေး လက်ရှိ ဒုံးကျည် ထုတ်လုပ်မှုကို သိသိသာသာ တိုးမြှင့်ရမှာ ဖြစ်ပြီး ခဲယမ်းမီးကျောက်များ ထုတ်လုပ်နိုင်ရေး စက်ရုံ အသစ်တွေ တည်ဆောက်ကြဖို့လည်း ကင်ဂျုံအန်က ညွှန်ကြားခဲ့ပါတယ်။
စစ်ပွဲအတွက် ခုခံ ကာကွယ်နိုင်စွမ်းကို အားဖြည့်ဖို့အတွက် ဒုံးကျည်တွေနဲ့ ကျည်အခွံ ထုတ်လုပ်မှုက အများကြီး အရေးပါတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်လောက်က ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီးနောက်ပိုင်း မော်စကိုနဲ့ ပြုံယမ်း ပိုရင်းနီးလာပြီး မြောက်ကိုရီးယားက စစ်သားတွေနဲ့အတူ ဒုံးကျည်တွေ လက်နက်ကြီးကျည်တွေ ပေးပို့ ကူညီနေပါတယ်။
ရုရှားကလည်း မြောက်ကိုရီးယားကို ဂြိုဟ်တု နည်းပညာ အပါအဝင် အဆင့်မြင့် နည်းပညာတွေနဲ့ ပြန်လည် ကူညီပေးနေပါတယ်။
ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယားရဲ့ပထမဆုံး နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘော ဖြစ်လာမယ့် သင်္ဘော တည်ဆောက်မှုကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။
မြောက်ကိုရီးယားက သူတို့ရဲ့ အားနည်းနေတဲ့ လေတပ်အတွက် တိုက်လေယာဉ်တွေ အားဖြည့်ရေး အပါအဝင် နည်းပညာတွေအတွက် ရုရှားဆီက တောင်းဆိုလာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
Ref:Reuters

