ဘန်ကောက်၊ ဒီဇင်ဘာ ၂၇
ကမ္ဘောဒီးယားနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် ထိုင်းလေတပ် ဦးစီးချုပ် ပရာပတ်စ် ဆွန်ဂျိုင်ဒီက အခြေအနေကို ၇၂ နာရီ စောင့်ကြည့်သုံးသပ်ပြီး သဘောတူညီမှု ချိုးဖောက်ရင် ကိုယ့်ကိုယ်ကို ကာကွယ်ရေး အစီအစဉ်တွေ ပြန်စတင်မယ်လို့ ပြောလိုက်ပါတယ်။
ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ စတင် အသက်ဝင်မယ့် အပစ်အခတ် ရပ်စဲမှု အမှန်တကယ် ဖြစ်ကြောင်း ရေရှည်တည်တံ့ကြောင်း သက်သေပြဖို့ ထိုင်းက အချိန် ၇၂ နာရီ ပေးမယ်လို့ ထိုင်း-ကမ္ဘော ဒီးယား နယ်စပ် ပူးတွဲ သတင်းအချက်အလက်စင်တာ ညွှန်ကြားရေးမှူး ပရာပတ်စ် ဆွန်ဂျိုင်ဒီက ပြောပါတယ်။
နေ့လယ် ၁၂ နာရီမှာ စတင် အသက်ဝင်မယ့် အပစ်အခတ် ရပ်စဲမှု ၇၂ နာရီအထိတောင် မခံဘဲနဲ့ ချိုးဖောက်ခဲ့မယ်ဆိုရင် မိမိတို့ရဲ့ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ရေး အစီအစဉ်တွေ ပြန်စသွားမယ်လို့ သူက ပြောလိုက်တာပါ။
ဒီပဋိပက္ခကို ထိုင်းက စတင်ခဲ့တာ မဟုတ်သလို ထိုင်းက စတင် ပစ်ခတ်တိုက်ခိုက်ခဲ့တာ မဟုတ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကို အသိပေးလိုတယ်လို့လည်း ပရာပတ်စ်က ပြောပါတယ်။
ထိုင်းအနေနဲ့ ပရော်ဖက်ရှင်နယ်ကျတဲ့ စစ်တပ် ယဉ်ကျေးတဲ့ နိုင်ငံ တစ်နိုင်ငံအနေနဲ့ ပြုမူနေတယ်လို့လည်း သူက ပြောပါတယ်။
နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအရ ထိုင်းက ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယား စစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရန်လို တိုက်ခိုက်မှုတွေ ပြန်လုပ်လာရင်တော့ မိမိတို့က ပြန်လည် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ပရာပတ်စ်က ပြောပါတယ်။
နိုင်ငံတကာ ဥပဒေတွေကို မလေးစားတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ထိုင်းစစ်တပ်အနေနဲ့ နိုင်ငံတကာ ဥပဒေကို လေးစားမှုနဲ့ ပြုမူဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ထိုင်းစစ်တပ်အနေနဲ့ အပစ်ရပ် အခြေအနေကို ရာနှုန်းပြည့် စောင့်ကြည်မှာ ဖြစ်ပြီး နှစ်သစ်ကူးရက်တောင် အနားယူမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ကမ္ဘောဒီးယားက သဘောတူညီမှု ချိုးဖောက်ရင် ချက်ချင်း တုံ့ပြန်နိုင်စေရေး ထိုင်းစစ်တပ်က အမြဲတမ်း အသင့်ပြင်ထားမှာ ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူး ပရာပတ်စ်က ပြောပါတယ်။
စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဒေသတစ်ခုချင်းစီမှာရှိတဲ့ ထိုင်းတပ်ဖွဲ့တွေရဲ့ လေ့လာ အကဲဖြတ်မှုတွေအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်းလည်း ထိုင်းဘက်က ပြောဆိုထားပါတယ်။
Ref:The Nation

