စင်ကာပူ မေ ၂၂

အာဆီယံဒေသမှာ လျှပ်စစ်လိုအပ်ချက်တွေ တိုးလာနေပြီး နိုင်ငံရေးတင်းမာမှုတွေပါ မြင့်တက်လာတာကြောင့်၊ ASEAN Power Grid လို့ခေါ်တဲ့ ဒေသတွင်း လျှပ်စစ်ဓာတ်အားချိတ်ဆက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဖို့ မဖြစ်မနေလိုအပ်လာပြီလို့ စွမ်းအင်ကျွမ်းကျင်သူတွေက ပြောပါတယ်။

မေ ၂၀ ရက်နေ့က စင်ကာပူမှာ ကျင်းပတဲ့ Ecosperity Week 2026 အစည်းအဝေးအတွင်းမှာ ဒေသတွင်း စွမ်းအင်ခေါင်းဆောင်တွေက အာဆီယံဓာတ်အားလိုင်းကို စီးပွားရေးအတွက်သာမက စွမ်းအင်လုံခြုံရေးအတွက်ပါ အရေးကြီးတဲ့ စီမံကိန်းတစ်ခုအဖြစ် မြင်လာကြတယ်လို့ ဆိုပါတယ်။

အာဆီယံနိုင်ငံတွေကြား နိုင်ငံရေးအရ ထောက်ခံမှုတွေ ပိုများလာပေမယ့်၊ စည်းမျဉ်းစည်းကမ်းမတူတာတွေ၊ ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်တွေ၊ နိုင်ငံတွေကြား လျှပ်စစ်လိုင်းချိတ်ဆက်မှု အားနည်းနေသေးတာတွေက အဓိက အခက်အခဲအဖြစ် ရှိနေဆဲလို့လည်း သတိပေးခဲ့ပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အရှေ့နှင့် အရှေ့တောင်အာရှဆိုင်ရာ ဒုတိယဥက္ကဌ စကော့ မောရစ်ကတော့ ကမ္ဘာ့နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဒေသတွင်း စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပိုပြီး အရေးကြီးလာတယ်လို့ ပြောပါတယ်။

အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကြောင့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့အရည် သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးတဲ့ ဟောမု့ဇ်ရေလက်ကြားမှာ ပိတ်ဆို့မှုဖြစ်နိုင်တဲ့ စိုးရိမ်ချက်တွေ ထပ်မံပေါ်ပေါက်လာပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ အာဆီယံ ဓာတ်အားလိုင်း စီမံကိန်းအပေါ် အာဆီယံနိုင်ငံတွေက ထောက်ခံမှု ပိုမိုခိုင်မာလာပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း ဒေသတွင်း လျှပ်စစ်ဓာတ်အားချိတ်ဆက်ရေးကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ ခေါင်းဆောင်တွေက ထပ်မံကတိပြုခဲ့ကြပါတယ်။

ကျွမ်းကျင်သူတွေကတော့ အရှေ့တောင်အာရှရဲ့ စွမ်းအင်ပြောင်းလဲရေး အောင်မြင်ဖို့ဆိုရင် နေရောင်ခြည်နဲ့ လေစွမ်းအင်လို ပြန်လည်အသုံးပြုနိုင်တဲ့ စွမ်းအင်တွေ တိုးချဲ့ရုံနဲ့ မလုံလောက်ဘူးလို့ ပြောပါတယ်။ အဲဒီ လျှပ်စစ်ဓာတ်အားတွေကို ဒေသအနှံ့ ပို့ဆောင်နိုင်ဖို့ ဖြန့်ကျက်ရေးလိုင်းတွေ၊ နိုင်ငံချင်းချိတ်ဆက်တဲ့ ဓာတ်အားလိုင်းတွေ တည်ဆောက်ဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ Regional Cooperation Centre အကြီးအကဲ Tan Sue-Ern က အရှေ့တောင်အာရှမှာ အသုံးမချရသေးတဲ့ Renewable Energy အရင်းအမြစ်တွေ အများကြီးရှိနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီစွမ်းအင်ရင်းမြစ်အများစုက လျှပ်စစ်အသုံးများတဲ့ မြို့ကြီးတွေ၊ စက်မှုဇုန်တွေနဲ့ ဝေးတဲ့နေရာတွေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

IEA ရဲ့ ခန့်မှန်းချက်အရ အရှေ့တောင်အာရှမှာ အသုံးမချရသေးတဲ့ နေရောင်ခြည်နဲ့ လေစွမ်းအင် ပမာဏက ၂၀ တက်ထရာဝပ် လောက်ရှိပြီး၊ ဒါဟာ လက်ရှိ ဒေသတစ်ခုလုံးရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းထက် ၅၅ ဆလောက် ပိုများနေပါတယ်။

အာဆီယံနိုင်ငံတွေကြား လျှပ်စစ်ရောင်းဝယ်ရေးလုပ်ဖို့ကလည်း နိုင်ငံတိုင်းရဲ့ နည်းပညာစံနှုန်း၊ ဥပဒေစည်းမျဉ်းနဲ့ ဈေးကွက်စနစ်တွေ မတူညီတာကြောင့် အခက်အခဲများနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။

ဒါ့အပြင် ၂၀၄၀ ခုနှစ်အရောက်မှာ အာဆီယံဒေသတစ်ခုလုံး လျှပ်စစ်ဓာတ်အားလိုင်းချိတ်ဆက်နိုင်ဖို့ လိုအပ်တဲ့ စီမံကိန်းတွေ တည်ဆောက်ရာမှာ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံလောက် လိုအပ်မယ်လို့ IEA က ခန့်မှန်းထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.