တီဟီရန် မေ ၂၂
အီရန်ရဲ့ အမြင့်ဆုံး ထိပ်တန်းခေါင်းဆောင် အယာတိုလာ မို့ချ်တာဘာ ခါမေနီက ယူရေနီယမ်တွေကို နိုင်ငံပြင်ပ ပို့ဆောင်ခြင်းမပြုရဆိုတဲ့ တင်းမာတဲ့ညွှန်ကြားချက် ထုတ်လိုက်တယ်လို့ အီရန်အဆင့်မြင့် သတင်းရင်းမြစ် ၂ ဦးက ပြောဆိုပါတယ်။
ဒီညွှန်ကြားချက်ဟာ အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အဓိကအငြင်းပွားနေတဲ့ အချက်တစ်ခုကို အခြေအနေကို ပိုပြီး တင်းမာသွားစေနိုင်ပါတယ်။ အမေရိကန်ဘက်ကတော့ အီရန်ရဲ့ “လက်နက်ထုတ်လုပ်နိုင်လောက်တဲ့ အဆင့်နီးပါး” ယူရေနီယမ်သိုလှောင်မှုကို နိုင်ငံပြင်ပဆီ ပို့ထုတ်စေချင်နေပါတယ်။
သတင်းရင်းမြစ်တွေရဲ့ အဆိုအရ မို့ချ်တာဘာ ခါမေနီက “ယူရေနီယမ်သိုလှောင်မှုတွေကို နိုင်ငံပြင်ပ မပို့ရဘူး” လို့ တိုက်ရိုက်အမိန့်ပေးထားပြီး၊ အီရန်အစိုးရအတွင်းမှာလည်း ဒီအပေါ် သဘောတူညီမှုရှိနေတယ်လို့ ဆိုပါတယ်။
အီရန်အာဏာပိုင်တွေက “ယူရေနီယမ်တွေကို နိုင်ငံပြင်ပ ပို့လိုက်ရင် နောက်တစ်ကြိမ် အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်လာတဲ့အခါ ပိုပြီး အားနည်းသွားနိုင်တယ်” လို့ ယုံကြည်နေကြပါတယ်။
တစ်ဖက်မှာတော့ ဒေါ်နယ်ထရန့်က အီရန်မှာ အမြင့်မားဆုံးသန့်စင်ထားတဲ့ ယူရေနီယမ်တွေ ဆက်ထားခွင့်မပေးဘူးလို့ တင်းတင်းမာမာ ပြောထားပါတယ်။
ထရန့်က “အဲဒီယူရေနီယမ်တွေကို ကျွန်တော်တို့ ရယူမယ်။ ကျွန်တော်တို့ မလိုဘူး၊ မသုံးချင်ဘူး။ ရပြီးရင် ဖျက်ဆီးပစ်ဖို့တောင် ဖြစ်နိုင်တယ်။ ဒါပေမယ့် အီရန်လက်ထဲမှာတော့ မထားဘူး” လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အစ္စရေးအရာရှိတွေကတော့ ထရန့်ဟာ “အီရန်ရဲ့ ယူရေနီယမ်သိုလှောင်မှုတွေကို နိုင်ငံပြင်ပ ပို့ထုတ်မယ်” လို့ အစ္စရေးကို အာမခံထားကြောင်း ပြောပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ရှိလာရင်လည်း ဒီအချက်ကို ထည့်သွင်းရမယ်လို့ အစ္စရေးဘက်က တောင်းဆိုနေပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမန် နေတန်ယာဟုကလည်း “အီရန်ရဲ့ ယူရေနီယမ်တွေ ဖယ်ရှားမပြီးမချင်း၊ အီရန်က ကြားခံလက်နက်ကိုင်အဖွဲ့တွေကို မထောက်ပံ့တော့မချင်း၊ ပဲ့ထိန်းဒုံးကျည် စွမ်းရည်တွေ မဖျက်သိမ်းမချင်း စစ်ပွဲပြီးပြီလို့ မယူဆဘူး” လို့ ပြောထားပါတယ်။
အနောက်နိုင်ငံတွေ၊ အမေရိကန်နဲ့ အစ္စရေးတို့ကတော့ အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ နှစ်ပေါင်းများစွာကြာ စွပ်စွဲလာခဲ့တာပါ။
အထူးသဖြင့် အီရန်က ယူရေနီယမ်ကို ၆၀% အထိ သန့်စင်ထားတာဟာ အရပ်သားအသုံးပြုမှုအတွက် လိုအပ်တာထက် အများကြီးမြင့်ပြီး၊ နျူကလီးယားလက်နက်အတွက် လိုအပ်တဲ့ ၉၀% နီးပါး ရောက်လာနေတယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် အီရန်ဘက်ကတော့ “နျူကလီးယားလက်နက် မလုပ်ဘူး” လို့ အမြဲ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။
Ref:Reuters

