နယူးယောက် မေ ၂၂
အမေရိကန်က ထိုင်ဝမ်ကို ရောင်းပေးဖို့ စီစဉ်ထားတဲ့ ဒေါ်လာ ၁၄ ဘီလီယံတန် လက်နက်ရောင်းချမှုကို ယာယီ “ရပ်ထား” လိုက်တယ်လို့ အမေရိကန် ရေတပ် ယာယီအတွင်းရေးမှူး ဟွန်ကောင်းက ကွန်ဂရက် ကြားနာပွဲမှာ ထုတ်ဖော်ပြောလိုက်ပါတယ်။
ရေတပ် ယာယီအတွင်းရေးမှူးက အီရန်နဲ့ ပတ်သက်တဲ့ “Operation Epic Fury” စစ်ဆင်ရေးအတွက် အမေရိကန်တပ်ဖွဲ့မှာ လက်နက်ခဲယမ်း လုံလောက်မှုရှိနေစေဖို့ ဦးစားပေး စစ်ဆေးနေတာကြောင့် ထိုင်ဝမ်ဆီ လက်နက်ရောင်းချမှုကို ခဏနားထားတာလို့ ဆိုပါတယ်။
အမေရိကန်အစိုးရဘက်က သင့်တော်တဲ့အချိန်လို့ သတ်မှတ်လိုက်ရင် နိုင်ငံခြားစစ်လက်နက် ရောင်းချမှုတွေ ပြန်လည် ဆက်လုပ်သွားမယ်လို့ ဟွန်ကောင်းက ပြောပါတယ်။
ဒီသတင်းထွက်လာပြီးနောက် ထိုင်ဝမ်ဘက်မှာတော့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အထူးသဖြင့် သမ္မတ ဒေါ်နယ်ထရန့်က ထိုင်ဝမ်ကို ဆက်ပြီး ထောက်ပံ့မလားဆိုတာ မသေချာသေးတာကြောင့် ဖြစ်ပါတယ်။
သမ္မတ ထရန့်ဟာ မကြာသေးခင်က တရုတ်ကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်နဲ့ လက်နက်ရောင်းချရေးကိစ္စကို ဆွေးနွေးမယ်လို့ ပြောခဲ့တာကလည်း အာရုံစိုက်ခံနေရပါတယ်။ အရင်က အမေရိကန်ဘက်က “ထိုင်ဝမ်အရေးကို ဘေဂျင်းနဲ့ မတိုင်ပင်ဘူး” လို့ အမြဲပြောနေခဲ့ပေမယ့် အခုတော့ မူဝါဒပြောင်းသွားသလို တွေ့မြင်လာရပါတယ်။
တရုတ်သမ္မတရှီကလည်း ဒီလက်နက်ရောင်းချရေးကို သမ္မတထရန့်နဲ့ တိုက်ရိုက်ပြောခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ထရန့်ကတော့ “ဘက်တစ်ဖက်ဖက်ကို ကတိမပေးထားဘူး” လို့သာ ပြောပြီး၊ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာရင် အမေရိကန်က ကာကွယ်ပေးမလားဆိုတာကိုလည်း ဖြေဆိုဖို့ ရှောင်ရှားခဲ့တာပါ။
ဒီအခြေအနေကြောင့် အမေရိကန် ကွန်ဂရက်လွှတ်တော်အတွင်း ရီပတ်ဘလစ်ကန်၊ ဒီမိုကရက် နှစ်ပါတီလုံးက လွှတ်တော်အမတ်တွေက ထိုင်ဝမ်ကို လက်နက်ဆက်ရောင်းပေးသင့်တယ်လို့ ဖိအားပေးနေကြပါတယ်။
အမေရိကန်ဟာ ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာ ထိုင်ဝမ်အတွက် စံချိန်တင် ဒေါ်လာ ၁၁ ဘီလီယံတန် လက်နက်ရောင်းချမှုကို အတည်ပြုပေးခဲ့ပေမယ့်၊ နောက်ထပ် ဒေါ်လာ ၁၄ ဘီလီယံတန် လက်နက်အစီအစဉ်ကတော့ သမ္မတထရန့်ရဲ့ စားပွဲပေါ်မှာ လအတော်ကြာ သောင်တင်နေဆဲ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း တရုတ်က ထိုင်ဝမ်ကို သူတို့ပိုင်နက် တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲပြောဆိုထားပြီး၊ လိုအပ်ရင် အင်အားသုံးပြီး ပြန်သိမ်းမယ်လို့ ထပ်ခါတလဲလဲ သတိပေးနေပါတယ်။
Ref:cbsnews

